Home / ဒိုက်ဦးမြို့နယ် / သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ဆင်ထိန်းသိမ်းရေးစခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်အစီအစဉ်များ လာရောက်ရှင်းလင်းတင်ပြ

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ဆင်ထိန်းသိမ်းရေးစခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်အစီအစဉ်များ လာရောက်ရှင်းလင်းတင်ပြ

ဇူလိုင် ၅ (ပဲခူး)

=============================

          ဇူလိုင်လ (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တောဝင်ဟံသာခန်းမသို့ ရဲနွယ်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၉၄)တွင် ဆင်ထိန်းသိမ်းရေးစခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား  မင်္ဂလာမြန်မာကုမ္ပဏီမှ လာရောက်ရှင်းလင်းတင်ပြသည်။

          ရှေးဦးစွာ မင်္ဂလာမြန်မာကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ဆင်ထိန်းသိမ်းရေး စခန်းတည်ဆောက်သွားမည့် လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများကိုလည်းကောင်း၊ Dr. Amir Khalil က ဆင်ထိန်းသိမ်းရေး စခန်း တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆောင်ရွက်ခဲ့သည့် လူထုအကျိုးပြုလုပ်ငန်းများကိုလည်းကောင်း၊ ဘီဂျင်းဗိသုကာပညာရှင်မှ ဆင်ထိန်းသိမ်းရေးစခန်း၌ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းရေးဆွဲ ထားမှုကိုလည်းကောင်း အသီးသီးတင်ပြခဲ့သည်။

          ထို့နောက် ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ပဲခူးရိုးမတောင်တန်း၊ သစ်တောကြိုးဝိုင်းများနှင့် မြစ်ချောင်းများ ပေါများကြောင်း၊ သဘာဝမှပေးထားသည့် အရင်းအမြစ်များကို မထိခိုက်စေသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို ကြိုဆိုလျက်ရှိ ကြောင်း၊ အဆွေတော်တင်ပြသည့် ဆင်ထိန်းသိမ်းရေးစခန်းသည် မိမိတို့တိုင်းပြည်အတွက် အလွန်အကျိုးရှိပြီး ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်များတင်ပြရာတွင် ဆင်ထိန်းသိမ်းရေးစခန်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဧရိယာမည်မျှအသုံးပြုမည်၊ စီးပွားရေးအလိုငှာ ဧရိယာမည်မျှအသုံးပြုမည်ကို ခွဲခြားတင်ပြပေးစေလိုကြောင်း၊ ဒါမှသာ တိုင်းပြည်အတွက် ရသင့် ရထိုက်သည့် အခွန်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရမှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါဆင်ထိန်းသိမ်းရေးစခန်းသည် မေလ(၁)ရက်နေ့တွင်  ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း၊ ရဲနွယ်သစ်တော ကြိုးဝိုင်းအတွင်း နိုင်ငံတကာဆင်စခန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ဆင်မုဆိုးများကြောင့် တောရိုင်းဆင်များ မကြာခဏဒဏ်ရာရရှိ၍ သေကြေခဲ့ရခြင်းကို ကာကွယ်နိုင်ရန်ရည်ရွယ်၍ အမိမဲ့ဆင်ပေါက်လေးများ၊ ဒဏ်ရာရ ဆင်များနှင့် ဆင်အိုများအား ပြုစုစောင့်ရှောက်သွားမည်ဖြစ်သည်။ ၎င်းဆင်စခန်းနှင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများမှ သစ်ခုတ်၊ဝါးခုတ်ခြင်းဖြင့် အသက်မွေးဝမ်း ကြောင်းပြုသူများကို သစ်တောပြုစု ထိန်းသိမ်းခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့်အပြင် သဘာဝ သစ်တောဂေဟ မပျက်စီးစေရေး ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

          တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သစ်တော၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် ဌာနဆိုင်ရာများ၊ မင်္ဂလာမြန်မာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။