Home / ပဲခူးမြို့နယ် / သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

မတ် ၉ (ပဲခူး)

==================================

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မတ်လ(၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ၂၀၁၈ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ နမောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပြည်မြို့၊ ကံဦးကျောင်းတိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်တော်မူကြသည်။

           ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဂုဏထုထိ တေးထပ်ရတုပိုဒ်စုံတို့ဖြင့် ဘွဲ့ရဆရာတော်ကြီးများအား သီကျူးပူဇော်သည်။

           ယင်းနောက် ဘွဲ့ရဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဘွဲ့ရဆရာတော်ကြီးများအား ဘွဲ့တံဆိပ် အဆောင်အယောင်များနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြကာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေးကြသည်။

          ဆက်လက်၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ဆွမ်းဆန်စိမ်းနှင့် လှူ ဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။

              ပဲခူးတိုင်းဒေသကြီးမှ ၂၀၁၈ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိမှုအနေဖြင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့(၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့(၂)ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့(၂)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့(၁)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့(၁)ပါး၊ ဂန္ထဝါစပဏ္ဍိတဘွဲ့(၄)ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့(၁)ပါး၊ သုဓမ္မမဏီဇောတဓရဘွဲ့ရ လူပုဂ္ဂိုလ်(၁)ဦး စုစုပေါင်းရဟန်း(၁၁)ပါး၊ သီလရှင်(၁)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးရရှိကြောင်း သတင်းရရှိသည်။