Home / ပဲခူးမြို့နယ် / သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

မေ ၁၀ (ပဲခူး)

============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၁၀)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က သိမ်းဆည်းလယ်ယာမြေများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အမှုတွဲများ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်း စိစစ်ရေးဗဟိုအဖွဲ့နှင့် ညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအား  ဌာနဆိုင်ရာများမှ စွန့်လွတ်ပေးခဲ့ပါက မူလပိုင်ရှင်များထံသို့  အမြန်ဆုံး ပြန်လည်ရရှိနိုင်ရေး၊ ပြန်လည်မစွန့်လွတ်ပေးပါက မြေယာအစားထိုး(သို့မဟုတ်) နစ်နာကြေး ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကြန့်ကြာနေသည့် မြေယာအမှုတွဲများအား ယခုတွေ့ဆုံပွဲမှ ရရှိလာသည့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ခရိုင်/မြို့နယ်အဆင့်ဆင့်သို့ ညွှန်ကြား ဆောင်ရွက်သွားရန်နှင့် သိမ်းဆည်းမြေယာများနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နှင့် အဂတိကင်းရှင်းစွာ ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် နိုင်ငံတော်သမ္မတရုံး၊ ဒုတိယဝန်ကြီး ဦးမင်းသူက လက်ရှိအစိုးရတာဝန်ယူပြီး နောက် ခေတ်အဆက်ဆက် သိမ်းဆည်းလယ်ယာမြေများအား စနစ်တကျဖြေရှင်းဆောင်ရွက် နိုင်ရန် ဒုတိယသမ္မတ(၂)ဦးဆောင်သော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ သိမ်းဆည်းမြေယာအမှုတွဲ စိစစ်ရာတွင် ကြန့်ကြာနေမှုများအပေါ် ဗဟိုကော်မတီမှ စိစစ်ရေးအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းပေးပြီး တိုင်းဒေသကြီး/ပြည်နယ်တို့အား သွားရောက်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ စီမံကိန်းအလို့ငှာ သိမ်းဆည်းရာတွင် စီမံကိန်းဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ကြာမြင့်ချိန်တို့အား ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ အသိပေးရှင်းလင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးရေး  ဆောင်ရွက်မှုများကို ပြည်သူတွေသိရှိပြီး အစိုးရအပေါ် ယုံကြည်အားကိုးလာမည်ဖြစ်ကြောင်းနှင့် သိမ်းဆည်းမြေယာနှင့်ပတ်သက်၍ တိုင်စာများအား စိစစ်ရေးကော်မတီများအနေဖြင့် ကြန့်ကြာမှုမရှိစေဘဲ ချမှတ်ထားတဲ့မူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့အညီ တိကျစွာစိစစ်ဖြေရှင်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။

          ယင်းနောက် နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စွန့်လွတ်မြေများ ပြန်လည်လွဲပြောင်းပေးအပ်ခြင်းနှင့် တိုင်ကြားစာ များအပေါ် ဖြေရှင်းဆောင်ရွက်ခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်များအား တင်ပြ ဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေကော်မတီဝင်များက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်၍ ပဲခူးခရိုင်တွင် အမှုတွဲ(၃၂၂)တွဲ၊ တောင်ငူခရိုင်တွင် (၁၇၅)တွဲ၊ ပြည်ခရိုင်တွင် (၁၂၆)တွဲနှင့် သာယာဝတီခရိုင် တွင် (၈၃)တွဲ၊ စုစုပေါင်း အမှုတွဲ (၇၀၆)တွဲဖြစ်ပြီး၊ မြို့နယ်မြေ/စစ်တွင် စိစစ်ဆဲ (၂၄၈)မှု၊ ခရိုင် မြေ/စစ်တွင် စိစစ်ဆဲ (၉၈)မှု၊ တိုင်းမြေ/စစ်တွင် စိစစ်ဆဲ(၂၆၃)မှု၊ မြေ/စစ်ဗဟိုသို့ တင်ပြပြီး (၃၆)မှုနှင့် မြေ/စစ်ဗဟိုမှ ပိတ်သိမ်းပြီးအမှု (၆၁)မှု ရှိကြောင်းသိရှိရသည်။

          အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင် မြေစစ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။