Home / မီဒီယာ / သတင်းမှတ်တမ်းများ / သုံးဆယ်ရေလှောင်တမံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

သုံးဆယ်ရေလှောင်တမံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မေ ၆ (ပဲခူး)
=========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၆)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ဌာနဆိုင်ရာများနှင့်အတူ သုံးဆယ် ရေလှောင်တမံစီကိန်း လုပ်ငန်းအကောင်ထည်ဖော် လုပ်ဆောင်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ သုံးဆယ်ရေလှောင်တမံ တည်ဆောက်ရေးရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ရေအသုံးချမှုစီမံခန့်ခွဲရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလွင်မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ အလေအလွင့်မရှိစေဘဲ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစွာဖြင့် သတ်မှတ်ကာလအတွင်း စံချိန်စံနှုန်းပြည့်မီစွာ ပြီးစီးအောင်တည်ဆောက်ကြရန်၊ လုပ်သားများအား၏ ကျန်းမာရေးအတွက်လည်း အထူးဂရုပြုနေထိုင်ကြရန် မှာကြားခဲ့သည်။
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကြိုတည်ဆောက်ခြင်း၊ တမံတည်ဆောက်ခြင်း၊ ရေထုတ်ပြွန်နှင့် ရေထိန်းမျှော်စင် တည်ဆောက်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်း၊ ရေလွှဲဆည်တည်ဆောက်ခြင်း၊ ရေနှုတ်မြောင်းတူးဖော်ခြင်း၊ တူးမြောင်းအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီးဖြစ်သည်။ တူးမြောင်း လိုင်နင်စီးခြင်း လုပ်ငန်းတွင် စုစုပေါင်းလျာထားပမာဏ (၂၀၀၀၀)ပေရှိပြီး ယခုအခါ(၁၇၃၇၂)ပေ ဆောင်ရွက်ပြီးစီးပြီး ဖြစ်၍ (၈၇)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ သုံးဆယ်ရေလှောင်တမံ စီမံကိန်းဆည်ရေသောက် ဧရိယာအတွင်း စံပြလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းတွင် လျာထားပမာဏ (၅၀၀၀)ဧကရှိသည့်အနက် (၂၈၇)ဧက ဆောင်ရွက်ပြီးစီး ပြီဖြစ်သည်။
သုံးဆယ်ရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအနီးရှိ သုံးဆယ်ချောင်း ပေါ်တွင် အလျား(၁၃၂၀)ပေ၊ အမြင့်(၁၅၀)ပေ၊ ရေလှောင်ပမာဏ (၂၃၇၅၂၀)ဧကပေ သိုလှောင်နိုင်မည့် မြေသား ရေလှောင်တမံ တစ်ခုဖြစ်ပြီး လယ်မြေဧက (၄၂၀၀၃)ဧကခန့် ရေပေးဝေစိုက်ပျိုးနိုင်သည်။
သုံးဆယ်ရေလှောင်တမံ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ဒေသအတွင်း လယ်မြေဧရိယာ (၄၂၀၀၃)ဧကခန့်အား စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသ၏ လယ်ယာကုန်ထုတ်လုပ်မှုများ တိုးတပ်လာမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာသည်နှင့်အမျှ ဆက်နွယ်လျှက်ရှိသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခံစားနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာမှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုလာမည်ဖြစ်ကြောင်း သိရသည်။