Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း အိမ်ကွင်းဖွင့်ပွဲ ကျင်းပပြုလုပ်

ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း အိမ်ကွင်းဖွင့်ပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၉ (ပဲခူး)
====================================

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနှင့် ဟင်္သာလမ်းထောင့်ရှိ ယခင်တိုင်းဒေသကြီး ဘောလုံးအားကစားကွင်းနေရာ၌ စက်တင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်း Grand Royal Stadium ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးရဲ့ မြို့တော်ပဲခူးမြို့မှာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေ လက်ခံကျင်းပနိုင်သည်အထိ အဆင့်မြင့်ပြင်ဆင်ပြီး အိမ်ကွင်းအဖြစ် ဆောင်ရွက်ခွင့်ရအောင် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် တစ်ချိန်က မြန်မာ့ဘောလုံးအားကစားကို များစွာအထောက်အကူပြုတဲ့ သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ မြန်မာ့ဘောလုံးရွှေခေတ်ကို ဦးဆောင်ကစားခဲ့တဲ့ အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်ဂိုးသမား တင်အောင်အပါအဝင် နာမည်ကျော် အားကစားသမားကြီးများဖြစ်တဲ့ ရဲညွန့်၊ ဆပ်သီး(ခေါ်)သန်းစိုး၊ တင်စိန်၊ စံအေးတို့လို နိုင်ငံဂုဏ်ဆောင် ဘောလုံးသူရဲကောင်းကြီးများသည် ပဲခူးတိုင်းဒေသကြီး မှမွေးထုတ်ပေါ်ထွန်းခဲ့သူတွေ ဖြစ်ခဲ့ကြသလို နာမည်ကြီး မြန်မာ့လက်ရွေးစင်များသည့် ဇော်နိုင်၊ ဟန်လင်းတို့ကအစ မျိုးမင်းထွန်း၊ ထွန်းထွန်းဝင်းတို့သည်လည်း ပဲခူးတိုင်းက ပေါက်ဖွားပေါ်ထွန်းခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်ကြောင်း၊ ဒါကြောင့် တစ်ချိန်က ဘောလုံးအစဉ်အလာ ကောင်းတွေရှိခဲ့ပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အားထားရမယ့် ဘောလုံးသမားကောင်းတွေ စဉ်ဆက်မပြတ် ပေါ်ထွန်းစေဖို့အတွက် ဟံသာဝတီယူနိုက်တက် အသင်းနှင့်အတူ အားလုံးဝိုင်းဝန်း ကြိုးစားကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံး စိတ်ဝင်စားအားပေးတဲ့ ဘောလုံးအားကစားကို ပဲခူးတိုင်းဒေသကြီးအတွင်းက ကျောင်းသားလူငယ်တွေ ပိုမိုလေ့လာလိုက်စားပြီး မလိုလားအပ်သော မူးယစ်ဆေးဝါးနှင့် မကောင်းမှုအလုပ်တွေ မလုပ်မိအောင် ကျေးရွာတိုင်း၊ ကျောင်းတိုင်းတွင် ဘောလုံးကွင်းတွေရှိလာစေဖို့ အစိုးရအဖွဲ့မှ ရေရှည်စီမံချက် ချမှတ်ပြီး စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အမှာစကား ပြောကြားကြပြီး ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းပိုင်ရှင် ဦးအောင်မိုးကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြေခံပညာကျောင်းများအတွက် ဘောလုံးအလုံး(၅၀၀)အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဟံသာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစန်းမောင်မောင်နှင့် ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းပိုင်ရှင် ဦးအောင်မိုးကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထက(အင်းတကော်) ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က သီဆိုကပြ ဖျော်ဖြေတင်ဆက်ရာ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ဂုဏ်ပြုဆုငွေကျပ်(၄)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံးပရိသတ် ပြည်သူများအား ဖျော်ဖြေရေးအစီအစဉ်များနှင့် တင်ဆက်ပြီး ဟံသာဝတီယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့၏ ဘောလုံးယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းသည် ပရိသတ်(၃၀၀၀) ကြည့်ရှုနိုင်သော ဘောလုံးကွင်းဖြစ်ပြီး အဆိုပါကွင်း၌ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ဘောလုံးပွဲစဉ်များ၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပွဲများ လက်ခံကျင်းပသွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစန်းမောင်မောင်နှင့် ဌာနဆိုင်ရာများ၊ ဟံသာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ ဘောလုံးပရိသတ်ပြည်သူများ၊ အနုပညာရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သိရသည်။