Home / ပဲခူးမြို့နယ် / ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဇွန် ၈ (ပဲခူး)

=====================

          ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ကျူးကျော်မှုများအား စာရင်းကောက်ယူခြင်းနှင့် လျော်ကြေးငွေပေးချေနိုင်ရေးတို့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လျော်ကြေးငွေပေးချေရန်အတွက် အဆင်သင့်အနေအထားသို့ ရောက်ရှိနေကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်၏စီမံကိန်းတစ်ခုဖြစ်ပြီး ဒေသအတွက်သာမက မြန်မာနိုင်ငံတစ်ခုလုံးအတွက် များစွာ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်၍ မိမိတို့အစိုးရအဖွဲ့မှ ကျူးကျော်ရှင်းလင်းမှုများအား ဥပဒေနှင့် အညီ ရှင်းလင်းရန်လိုကြောင်းနှင့် အစိုးရမှ လျော်ကြေးပေးချေမှုများနှင့်ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူ များအား စာရင်းကောက်ယူပြီးစီးမှုအခြေအနေကို ဝန်ကြီး ဦးအောင်ဇော်နိုင်ကလည်းကောင်း၊ ကျူးကျော်နေထိုင်သူများနှင့် ကျူးကျော်စိုက်ပျိုးထားသူများ လျော်ကြေးပေးလျော်နိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများအား ဝန်ကြီးဦးညွန့်ရွှေကလည်းကောင်း၊ ကျူးကျော်နေထိုင်သူများ သည် နိုင်ငံတော်စီမံကိန်းနယ်မြေအတွင်း ဝင်ရောက်ခြင်းဖြစ်၍ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်မည့်အခြေအနေအား ဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေက လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့သည်။

          ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှအာမခံပြီး ပြည်ထောင်စုအဆင့်မှ ဂျပန်နိုင်ငံနှစ်ရှည်ချေးငွေဖြင့် အမြန်ဆုံး ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း နှင့်ပတ်သက်၍လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆွေးနွေးတင်ပြပြီးတက်ရောက်လာသည့် ကော်မတီဝင်များက လည်းအသီးသီးဆွေးနွေးတင်ပြရာ တင်ပြဆွေးနွေးချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

      ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ရွေ့ပြောင်းစရိတ်နှင့် နစ်နာကြေးပေးချေနိုင်ရေး အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၄၉၅.၇၀)သန်း၊ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် ကျပ်(၅၀၀)သန်း၊ စုစုပေါင်း ကျပ်(၉၉၅.၇)သန်း ခွင့်ပြုထားပြီးဖြစ်ကြောင်း ၊ ပထမအသုတ်အနေဖြင့် လေဆိပ်ဧရိယာအတွင်း ကျူးကျော်နေထိုင်သူများနှင့် လေယာဉ်ကွင်း ပတ်လမ်း ပေ(၁၀၀) အတွင်းပါဝင်သည့် သီးနှံပင်များ နစ်နာကြေးပေးလျော် သွားမည်ဖြစ်ကြောင်း သိရသည်။

          ဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။