Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / အခြေခံငါးမွေးမြူရေး၊ ရေချိုငါးများ ဆေးထိုးသားဖေါက်ခြင်းသင်တန်း (၃/၂၀၁၇)ဖွင့်ပွဲကျင်းပပြုလုပ်

အခြေခံငါးမွေးမြူရေး၊ ရေချိုငါးများ ဆေးထိုးသားဖေါက်ခြင်းသင်တန်း (၃/၂၀၁၇)ဖွင့်ပွဲကျင်းပပြုလုပ်

သြဂုတ် ၁၆ (ပဲခူး)
====================================

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးမှ ကြီးမှုး၍ သြဂုတ်လ (၁၆)ရက်နေ့၊ ညနေ(၄)နာရီအချိန်က အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖေါက်ခြင်း သင်တန်းအမှတ်စဉ်(၃/၂၀၁၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်က “သဘာဝ သယံဇာတဖြစ်သော ငါးများ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရေးနှင့် စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းသည် ငါးလုပ်ငန်းဦးစီးဌာန၏ တစ်ခုတည်းဆာင်ရွက်နေရုံဖြင့် လုံလောက်မှုမရှိနိုင်သောကြောင့် ပြည်သူများမှ ဝိုင်းဝန်းပါဝင် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်သောကြောင့် သင်တန်းသူ/ သားများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသသို့ရောက်ရှိပါက ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်လာအောင် စည်းရုံးပေးခြင်းနှင့် သင်တန်းမှပို့ချသည့် နည်းပညာများအား လက်ဆင့်ကမ်း ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ကြရန်လိုကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖေါက်ခြင်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား ဆရာ/မများ၊ကျောင်းသား/ကျောင်းသူများ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖေါက်ခြင်းဆိုင်ရာ နည်းပညာ ဗဟုသုတများအား စာတွေ့လက်တွေ့ သိရှိတတ်မြောက်စေရန် ရည်ရွယ်၍ ပဲခူးတက္ကသိုလ် သတ္တဗေဒဌာန ပါမောက္ခနှင့် လက်ထောက်ကထိက ဆရာ/မ(၁၄)ဦး၊ သတ္တဗေဒ ကျောင်းသား(၃၃)ဦး၊ ကျောင်းသူ(၉၉)ဦး တက်ရောက်ကာ သြဂုတ်လ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ ရက်တိုစာတွေ့လက်တွေ့ လေ့လာသင်ကြားပို့ချနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်သည့်အပြင် ဒေသခံ ငါးမွေးမြူသူများအား ရေမြေသဘာဝနှင့် ကိုက်ညီသော ငါးမျိုးကောင်းမျိုးသန့်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် လွယ်ကူစွာရရှိစေရေး၊ ငါးဆေးထိုး သားဖေါက်ခြင်း၊ ငါးသားပေါက်ပြုစုမွေးမြူခြင်း နည်းပညာများကို ဖြန့်ဖြူးပေးနိုင်ရန် အဓိကထား ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများကို ပြည်သူလူထုသိရှိစေရန် ပညာပေးဟောပြောခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းတို့ကို စနစ်တကျဆောင်ရွက်လျှက်ရှိပြီး တိုင်းဒေသကြီး၏ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ လူတစ်ဦးချင်း တစ်နှစ်ငါးစားသုံးမှု မြင့်မားလာစေရန်၊ ငါးမွေးမြူရေးဇုန်များ ပေါ်ပေါက်လာစေရန်၊ ငါးမွေးမြူခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ရေထွက်ပစ္စည်းငါး/ ပုဇွန်ဒိုင်များနှင့် ရေထွက်ပစ္စည်း ငါးချဉ်/ ငါးခြောက်များအား အာဆီယံနိုင်ငံများနှင့်တန်းတူ စားသုံးသူများ ဘေးဥပါဒ်မဖြစ်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသော ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ရန်တို့အတွက် ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများက စွမ်းစွမ်းတမံ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။