Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စားသုံးသူ ရေးရာဦးစီးဌာန / အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၂၃ (ပဲခူး)
===================================

ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဌေးအောင်က စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာများကို ဟောပြောပြီး ဦးစီးအရာရှိ ဦးဝင်းနိုင်က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချစ်စုဝင်းအောင်နှင့် ဒေါက်တာကောင်းမြတ်ထွန်းတို့က အစားအသောက်၏ ဘေးအန္တရာယ်များနှင့် ဆေးဝါး၏ဘေးအန္တရာယ်များအကြောင်းကို ဟောပြောကြပြီး ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စားသုံးသူများ၏ အခွင့်အရေးဆိုရာမှာ ကုန်ပစ္စည်းကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်မှု၊ ရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြုမှု၊ အာမခံနိုင်မှုအတိုင်းရရှိခြင်း၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိစေခြင်းစသည့် အချက်အလက်တွေပါဝင်ပြီး လက်ရှိတွင်စားသုံးသူတွေအနေဖြင့် သူတို့ရဲ့အခွင့်အရေးတွေကို အပြည့်အဝမရရှိဘဲ ချိုးဖောက်ခံနေရတာတွေလည်းရှိကြောင်း၊ နောက်ဆုံးအသုံးပြု သူများအနေဖြင့်လည်း ထုတ်ကုန်ပစ္စည်းကို ဝယ်ယူခြင်းမပြုမီမှာ ဖော်ပြထားတဲ့ကုန်ပစ္စည်းရဲ့ အခြေအနေ၊ ပမာဏ၊ ပြုလုပ်တပ်ဆင်ပုံနည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲ၊ အမှတ်စဉ်၊ နောက်ဆုံးအသုံးပြရမည့် ရက်စွဲစသည်ကို သတိပြုဖို့လိုအပ်ကြောင်း၊ စားသုံးသူတွေအနေနဲ့ ဝယ်ယူမှုမှာ ကိုယ့်ရဲ့အခွင့်အရေးတွေကို ချိုးဖောက်ခံခဲ့ရတယ်ဆိုရင်လည်း စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့လည်း ဆုံးရှုံးနစ်နာမှုတွေက မိမိတို့ရဲ့ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့် မဟုတ်ခဲ့ဘူးဆိုရင် နာမည်ကောင်း ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ပေးမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးသူတွေအနေဖြင့် ကုန်စည်သုံးစွဲမှုတွေအတွက် တိုင်ကြားလိုပါက စားသုံးသူရေးရာဦးစီးဌာန ပဲခူးမြို့ရဲ့ ဖုန်းနံပါတ် (၀၅၂-၂၂၂၁၂၄၉)သို့ ဆက်သွယ်တိုင်ကြားနိုင်သလို Online ကနေတစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။