Home / တောင်ငူမြို့နယ် / အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

သြဂုတ် ၁၉ (တောင်ငူ)
====================================

သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအ ခြေခံပညာအထက်တန်း(ခွဲ) ကျောင်းအား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်းတို့က ကျောက်တိုင်အခြေခံ ပညာအထက်တန်း(ခွဲ)ကျောင်းအား အထက်တန်းကျောင်းအဖြစ် ဖဲကြိုးဖြတ်၍ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးကြပြီး အထက(ကျောက်တိုင်)ခန်းမ၌ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရေမြေအနေအထား ခရီးအကွာအဝေး သွားရေးလာရေး၊ လမ်းပန်းဆက်သွယ်ရေး အရခက်ခဲနေသည့် မဖွံ့ဖြိုးသေးသော ဒေသများမှာရှိကြတဲ့ ကျောင်းသား/သူများ လွယ်ကူချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ခြင်းနှင့်အတူ ကျောင်းအဆောက်အဦး ပရိဘောဂပြည့်စုံရေး၊ ဆရာ/မ ဖြည့်ဆည်းခန့်ထားရေး၊ ကျောင်းနေအရွယ်ကလေး ကျောင်းနေနိုင်ရေးတို့ကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန် စီစဉ်ဆောင်ရွက်တာလဲဖြစ်ကြောင်း အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် တောင်ငူမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါက်တာနော်ဥမ္မာထွန်းက တောင်ငူမြို့နယ်၏ ပညာရေးအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဦးနှင့် ကျောင်းသား/သူထံ ပေးအပ်လှူဒါန်းကာ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၂၄)ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းများအဖြစ်လည်းကောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်းအား အထက်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၂၈)ကျောင်းအား အလယ်တန်းကျောင်း အဖြစ်လည်းကောင်း၊ မူလတန်း(လွန်)ကျောင်း (၂၇)ကျောင်းအား အလယ်တန်းကျောင်း(ခွဲ)များ အဖြစ်လည်းကောင်း၊ မူလတန်းကျောင်း(၅၀)အား မူလတန်း(လွန်)ကျောင်းများ အဖြစ်လည်းကောင်း၊ မူလတန်းကျောင်း(ခွဲ)(၈၅)ကျောင်းအား မူလတန်းကျောင်းအဖြစ်လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း (၃၆)ကျောင်းအား မူလတန်းကျောင်း(ခွဲ)များအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးဆောင်အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။