Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ရည်မှန်းချက်များအနက် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးရည်မှန်းချက်အား ပဲခူးတိုင်းဒေသကြီး ထွေ/အုပ်ဝန်ထမ်းများ အကောင်အထည်ဖော်ဆောင်ရွက်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ရည်မှန်းချက်များအနက် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးရည်မှန်းချက်အား ပဲခူးတိုင်းဒေသကြီး ထွေ/အုပ်ဝန်ထမ်းများ အကောင်အထည်ဖော်ဆောင်ရွက်

စက်တင်ဘာ ၂၃ (ပဲခူး)
===================================

စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၇)နာရီအချိန်မှစတင်ကာ ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ တပ်မ(၇၇)အနီးရှိ ဂဝံသံပတ်စေတီတော်ကြီး ပြန်လည်တည်ထားရာတွင် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများစုပေါင်းကာ တစ်နေ့တာလုပ်အားဒါန ပေးလှူကြသည်။
ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း ဦးဆောင်သော တိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်သော ပဲခူးခရိုင်ရုံးမှ ဝန်ထမ်းများ၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်သော မြို့နယ်ရုံးမှ ဝန်ထမ်းများ ပေါင်း(၁၅၀)ဦး၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ တိုင်း/ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ အင်အား(၁၅၀)ဦး စုစုပေါင်း(၃၀၀)ဦးတို့သည် စုစုပေါင်းကာ ဂဝံသံပတ်စေတီတော်ကြီး ပြန်လည်တည်ထားရာတွင် အုတ်/ကျောက်/ဘိလပ်မြေ သယ်ယူခြင်း၊ ဘုရားပရဝဏ်အတွင်း မြက်များ၊ အမှိုက်သရိုက်များ ရှင်းလင်းပေးခြင်းတို့ဖြင့် တစ်နေ့တာလုပ်အားဒါန ပေးလှူကြကြောင်းသိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်(၄)ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်များအနက် အမှတ်စဉ်(၄)ဖြစ်သည့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းစဉ်အား အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ စုပေါင်းကာ ရုံးပိတ်ရက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ကုသိုလ်ရရှိအောင် ဂဝံသံပတ်စေတီ အကြီးစားပြန်လည်ပြုပြင် တည်ထားကိုးကွယ်ရာတွင် တစ်နေ့တာ လာရောက် လုပ်အားဒါနကုသိုလ် ပြုခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတိုးဝင်းက ပြောသည်။
ဂဝံသံပတ်စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၁၁၆၀)နှစ်ခန့်က အသားမင်းသား အဿ ကုမ္မာဘုရင်ကြီးနှင့် မိဖုရားစောစန္ဒာတို့မှ တည်ထားကိုးကွယ်ခဲ့သော စေတီဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသောကြောင့် ပျက်စီးယိုယွင်းလာသဖြင့် ၂၀၁၂ခုနှစ်မှစတင်၍ ကြခတ်ဝိုင်းဆရာတော် ဘုရားကြီး၏ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါစေတီကြီး ပြန်လည်ပြုပြင် တည်ထားကိုးရန်အတွက် ကြီးကြပ်မှုကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဉာဏ်တော်အမြင့် (၁၈၀)ပေ၊ ပန်းတင်ခုံအမြင့် (၁၈)ပေ၊ အကျယ်(၂၀၀)ပေပတ်လည်၊ စေတီ၏အခြေအကျယ်(၁၆၅)ပေအဖြစ် ပြန်လည်တည်ထားခြင်း ဖြစ်သည်။ ယခုလက်ရှိအချိန်တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်တည်ထားရာ (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဂဝံသံပတ်စေတီတော်ကြီးအား ကြခတ်ဝိုင်းဆရာတော်ကြီးမှ ဦးဆောင်းပြီးအကြီးစား ပြန်လည်ပြုပြင်တည်ထားရာတွင် ကုန်ကျမှုများစွာ ရှိနေသည့်အတွက် အမြန်ဆုံးပြီးစီးအောင် လှူဒါန်းလိုသည့် အလှူရှင်များစွာ လိုအပ်ကြောင်း၊ တည်ဆောက်ရေးကော်မတီနှင့် ဆက်သွယ်ပြီးလှူဒါန်းနိုင်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးဟန်က ဖိတ်ခေါ်ပြောကြားသည်။
ထို့အတူ ပဲခူးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပြီး ဗိုလ်ကုန်းရပ်ကွက်ရှိ တပ်ဦးစေတီတော်ကြီးတွင်လည်း စုပေါင်းကားသန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် တစ်နေ့တာလုပ်အားဒါန ကုသိုလ်ပြုကြသည်။