Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၆ (ပဲခူး)

============================================

စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ အလုပ်သမား (၁၅)ထက်ရှိသော အလုပ်ရုံများ၌ လုပ်ခလစာ တစ်ရက်(၃၆၀ဝိ/-)သတ်မှတ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်တွင် (၂)နှစ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်ပ၅(ဇ)အရ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ (၂)နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အတွက် ကော်မတီဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ မြို့နယ်များအလိုက် အလုပ်ရှင်၊ အလုပ်သမား သိရှိနားလည်နိုင်စေရန် အနည်းဆုံးအခကြေးငွေဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တို့၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား အကြံပြုချက်များကို အလေးအနက်ထား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသကြီးကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒေါ်အေးမွန်စိုးက တိုင်းဒေသကြီးအတွင်း အနည်းဆုံးအခကြေးငွေဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုအခြေအနေ အား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များက ခေတ်ကာလနှင့် ကိုက်ညီမှုရှိသော အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးနိုင်ရေး အဆိုပြုနှုန်းထား များအား အကြံပြုဆွေးနွေးခဲ့ရာ၊ ကျွမ်းကျင်ပညာရှင် ဒေါက်တာဇော်ဦးက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ကျွမ်းကျင်ပညာရှင် ဒေါက်တာဇော်ဦး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အလုပ်ရှင်ကိုယ်စားလှယ်များ နှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)