Home / ပဲခူးမြို့နယ် / အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

မတ် ၈ (ပဲခူး)

========================

ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ မတ်လ(၈)ရက်နေ့ နံနက် (၉)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများဆောင်ရွက်ရာ၌ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို အဓိကအခြေခံပြီး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ရောက်ရှိဖော်ဆောင်ရွက်လျှက်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ အမျိုးသား/ အမျိုးသမီး တန်းတူညီမျှရေးသည်လည်း အရေးကြီးသည့် အခြေခံကျသော ကိစ္စရပ်ဖြစ်ကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် တန်းတူညီမျှပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နယ်ပယ်များတွင်လည်း တန်းတူညီမျှပါဝင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ ဂအထွေထွေအတွင်းရေးချုပ်ထံမှ ပေးပို့သောသဝဏ်လွှာကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဖတ်ကြားပြီး တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ ပြသထားမှုအား ကြည့်ရှုအားပေးကြသည်။
၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးထားသည့် ဦးတည်ချက်ဆောင်ပုဒ်သည် “အမျိုးသမီးဘဝမြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြတက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင် ကြိုးပမ်းကြပါစို့” ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။