Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန / အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၁/၂ဝ၁၈) အစည်းအဝေးသို့ ဝန်ကြီးချုပ်တက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၁/၂ဝ၁၈) အစည်းအဝေးသို့ ဝန်ကြီးချုပ်တက်ရောက်

နေပြည်တော် မေ ၁၅
========================

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂ဝ၁၈) အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယခု အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်ပြီး အမြဲတမ်းနိုးကြား ဆောင်ရွက်နေရမည် ဖြစ်ကြောင်း။

ရာသီကာလအလိုက် ဖြစ်နိုင်သည့်ဘေးများ၊ နေရာဒေသအလိုက် ဖြစ်နိုင်သည့် ဘေးများအပေါ် ထိရောက်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် လိုအပ်ပြီးကြိုတင် ပြင်ဆင်မှုများကိုလည်း အချိန်နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ် ဧပြီလ မှ၂ဝ၁၈ ခုနှစ် မတျလ အထိကာလ အတွင်း မိုးကြိုးပစ်မှုဖြစ်စဉ် ၁ဝ၉ ကြိမ် ဖြစ်ပွားခဲ့ရာလူဦးရေ ၁၁၁ ဦး သေဆုံးခဲ့ပွီး ဒဏျရာရရှိသူ ၃၉ ဦးရှိခဲ့ပါကြောင်း၊ ယခုအချိန်ကာလသည် မိုးဦးလေဦးရာသီဖြစ်သည့်အတွက် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ ရေကြီးခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးကြရန် လိုအပ်ပါကြောင်း။

တစ်ခါတစ်ရံ မိမိဒေသတွင် မဖြစ်နိုင်သော်လည်း အခြားဒေသတွင်ဖြစ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် မိမိဒေသကိုလာရောက် ရိုက်ခတ်နိုင်သည့် ဘေးအန္တရာယ် များကိုလည်း သတိပြုရမည်ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့အကြား ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2B မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု စံချိန်တင်များပြားခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး အတွင်းက မြို့နယ်အချို့တွင် လျှပ်တပြက်ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် လူ(၄၆)ဦး သေဆုံးပြီး(၁၁၅)ဦး ပျောက်ဆုံးခဲ့ပါကြောင်း၊ ယင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် မိမိတို့ဒေသတွင် တိုက်ရိုက် မဖြစ်ပေါ်နိုင်သော်လည်း သွယ်ဝိုက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို သိရှိထားရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း။
ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သည့်နေရာတွင် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက်သာမက ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်ပါ ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် သဘာဝဘေးဖြစ် ပေါ်လာနိုင်သည့် နေရာများက ဘေးအန္တရာယ်ကျရောက် နိုင်ခြေများသည့်နေရာများ သိရှိထားပြီးဖြစ်သည့်အတွက် အိုးအိမ်များပြန်လည်နေရာချ ထားပေးနိုင်ရန်၊ အဆောက်အဦများ ပြန်လည်တည်ဆောက်ပေးနိုင်ရန်အတွက် ဘေးလွတ်ကင်းရာ နေရာများကို ကြိုတင်ရွေးချယ်ထားရန် လိုအပ်ပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍ အသီးသီးကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များက ပူးပေါင်းပြီး အမြန်ဆုံးနှင့် စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်အစီအမံများ ချမှတ်ထားခြင်းတို့ကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ စနစ်ကျသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ် အကြောင်းကို လေ့လာကြည့်ပါက မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံး ငလျင်ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေကြောင်း၊ စစ်ကိုင်းပြတ်ရွေ့သည် ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားစသည့် အဓိကမြို့ကြီးများကို ဖြတ်သန်းတည်ရှိနေကြောင်း၊ မြန်မာပြည်အရှေ့ဘက်၊ အရှေ့မြောက်ဘက် ရှမ်းကုန်းပြင်မြင့်ဒေသ၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံများနှင့် ဆက်စပ်နေသည့် ပြတ်ရွှေ့ကြောများတည်ရှိနေကြောင်းကို လေ့လာသိရှိရပါကြောင်း။
မကြာသေးမီကာလအတွင်းက ကလေးမြို့၊ ချောက်မြို့၊ ဖြူးငလျင်၊ နေပြည်တော်တွင် လှုပ်ခဲ့သည့် ငလျင်တို့မှာ အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိပြီး ငလျင်ငယ်များ မကြာခဏ လှုပ်ရှားနေသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကျမှုများ ရှိနေသည်ဟု သိရှိရပါကြောင်း၊ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိဘဲ အချိန်မရွေးဖြစ်လာနိုင်ခြင်းကြောင့် ငလျင်ဘေးရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် အမြဲအဆင့်သင့် ဖြစ်နေစေရေးမှာ အလွန်အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ မည်သည့် အတိုင်းအတာ အထိ ဆောင်ရွက်ပြီးဖြစ်သည်ကို ဆန်းစစ်ရန်လိုနေကြောင်း၊ ယခုအချိန်သည် ဝန်ကြီးဌာနများ အလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မိမိတို့၏ တာဝန်ရှိမှုများနှင့်အညီ ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုများကို ဦးစားပေးဆောင်ရွက်ကြရန် လိုအပ်နေပါကြောင်း။

မိမိတို့အနေဖြင့် ဆွေးနွေးလိုသည်မှာ အစိုးရဌာနများ၏ ငလျင်ဘေးတုံ့ပြန် ဆောင်ရွက်ရေး အစီအမံများ ခိုင်မာအားကောင်းရန်နှင့် SOP များ ရေးဆွဲထားရှိရန်၊ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးအပိုင်းကို ပိုမိုပြီးအားထည့် ဆောင်ရွက်ရန်လိုအပ်ပြီး ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဦးစွာတုံ့ပြန်မှု ဆောင်ရွက်ရမည့် ပြည်သူများကလည်း စနစ်ကျစွာ ထိရောက်စွာ မှန်ကန်စွာ တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးနှင့် စပ်လျဉ်းပြီး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းကို ကြိုတင်ဆောင်ရွက်ရမည်ဖြစ်ပြီး အကြိမ်ရေများများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အသစ်ဆောက်လုပ်မည့် အဆောက်အဦများကို Building Code များနှင့်အညီ ဆောက်လုပ်စေရန်နှင့် ငလျင်ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိနေသည့် မြို့၊ ရွာများကိုလည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး လိုအပ်သည့် အစီအမံများ ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ သဘာဝဘေးကို စီမံခန့်ခွဲရာတွင် Preparedness (ကြိုတင်ပြင်ဆင်မှု)၊ Response(တုံ့ပြန်မှု)၊ Recovery (ပြန်လည်ထူ ထောင်မှု)များကို အပိုင်းအလိုက် ဆောင်ရွက်နေကြပြီး စနစ်ကျ ထိရောက်စွာ ဆောင်ရွက်နိုင်မှသာလျှင် သဘာဝဘေးကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသည့်လူမှု အသိုက်အဝန်း ဖြစ်လာမည် ဖြစ်ပါကြောင်း။
ဆက်လက်ပြီးလည်း အားလုံးစုစည်းညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ထို့ပြင်လုပ်ငန်းကဏ္ဍအလိုက် နည်းပညာများကို ထည့်သွင်းအသုံးချနိုင်ခြင်း အားဖြင့် ပိုမိုကောင်းမွန်သည့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို လိုက်ပါအသုံးပြုနိုင်ပြီး ယင်းနည်းပညာများကို အသုံးပြုတတ်ရန် စွမ်းရည်များမြင့်မားလာရမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၂/၂ဝ၁၇) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ၊ ပြည်နယ်အလိုက် သဘာဝဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သဘာဘေးကြိုတင်ကာကွယ်ရေးအတွက် တည်ဆောက်ရေး၊ အသိပညာပေးရေး အပါအဝင် ကဏ္ဍစုံဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးဖြစ်ပေါ်လာပါက ဝန်ကြီးဌာနအလိုက်ဆောင်ရွက်နေမှုများနှင့် ကြိုပြင်ဆင်ထားမှုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီး ပြည်နယ်အလိုက် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုများ၊ အသိပညာပေးရေးလုပ်ငန်း၊ လေကာပင်စိုက်ပျိုးရေး လုပ်ငန်း၊ မုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်ပေးရေးနှင့် ဒေသအလိုက် ရေတို၊ ရေရှည်ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများကြကြောင်း သတင်းရရှိသည်။