Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုဆိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုဆိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

စက်တင်ဘာ ၆ (ပဲခူး)
====================================

စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇ခုနှစ် အခြေခံပညာ ကျောင်းပေါင်းစုံ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမဒေါ်မာမာချိုက ပြိုင်ပွဲနှင့်ပတ်သက်သည့် အခြေအနေအတွေ့ကြုံခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများ(၁၈)ဦးအား ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဂုဏ်ပြုဆုငွေ (၁၈)သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ပြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အုပ်ချုပ်/နည်းပြဆရာ/ဆရာမ(၆)ဦးအား ချီးမြှင့်ငွေကျပ် (၆)သိန်းအား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဆုရအားကစားသမားများကိုယ်စား ရှေ့တန်းအကောင်းဆုံးဆုရ အထက(ခွဲ)လ-၁ တောင်ငူမှ မောင်ချမ်းမြေ့ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးင်းက အားကစားပစ္စည်း ဘောလုံးများပေးအပ်ကာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အုပ်ချုပ်/နည်းပြများနှင့် ဆုရအားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
၂၀၁၇ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်က ပထမ၊ ပဲခူးတိုင်းဒေသကြီးက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်က ပူးတွဲတတိယ ရရှိကြကြောင်း သိရသည်။