Home / ပဲခူးမြို့နယ် / အသက်(၁၇)နှစ်အောက်(၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အသက်(၁၇)နှစ်အောက်(၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဇူလိုင် ၁၀ (ပဲခူး)
================================

ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် အားကစားကွင်းတွင် ဇူလိုင်လ(၁၀)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် (၄)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက တောင်ငူခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ပြည်ခရိုင်အသင်းမှ (၄:၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ ဒုတိယရရှိသော တောင်ငူခရိုင်အသင်းအား အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းကလည်းကောင်း၊ ပထမရရှိသော ပြည်ခရိုင်အသင်းအား ဥပဒေချုပ် ဦးအုန်းမြင့်ကလည်းကောင်း၊ ပွဲစဉ်တလျှောက်နေရာအလိုက် အကောင်းဆုံး အကစားသမားဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမတံခွန်စိုက်ဆုဖလား ရရှိသွားသော ပြည်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် (၄)ခရိုင်အမျိုးသားဘောလုံးပြိုက်ပွဲအား ဇူလိုင်လ(၃)ရက်နေ့မှ (၁၀) ရက်နေ့အထိ ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် အားကစားကွင်းတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်ကိုယ်စားပြု အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။