Home / ကဝမြို့နယ် / အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

အုပ်ချုပ်ရေးမှုးတစ်ဦး၏လုပ်ဆောင်မှုသည်အစိုးရအဖွဲ့၏ပုံရိပ်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

သြဂုတ် ၁၀ (ပဲခူး)
====================================

သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ်သောကြောင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိအောင်လေ့လာထားကြရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မပြုလုပ်ကြရန်လိုကြောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးပါဝင် ဆောင်ရွက်သွားကြရန်၊ အထက်ကပေးအပ်သော တာဝန်ကိုသာမက မိမိဒေသအတွက် မိမိတို့အသိစိတ်ဖြင့် ဆောင်ရွက်သွားကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မကြာခဏတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားကြရန်၊ မြေယာကဏ္ဍများ ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေ၊ နည်းဥပဒေများအတိုင်း အဂတိတရားကင်းရှင်းစွာ တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန်၊ ပြောင်းလဲခြင်းများ ပြုလုပ်ရာတွင် ချက်ချင်းပြောင်းလဲလာအောင် လုပ်ယူ၍မရသော်လည်း ပြည်သူနှင့် အတူပါလာအောင် စိတ်ဓာတ်များများ တဖြည်းဖြည်းခြင်း ပြောင်းလဲနိုင်အောင် ကြိုးစားအားထုတ်ကြရန်၊ ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်ရေးစနစ် ဖြစ်လာအောင်ကြိုးစားကြရန်၊ အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ဆောင်ချက်သည် အစိုးရအဖွဲ့၏ ပုံရိပ်ဖြစ်သောကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးအမြင်ဖြင့် ဂရုတစ်စိုက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်” ပြောကြားပြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အဓိကကျသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍအရေးပါမှုနှင့် ပတ်သက်၍ကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ် တာဝန်ပေးမှု၊ အခြေခံမှု၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းပြဿနာများအား သဘောထားကြီးစွာဖြင့် မေတ္တာတရားရှေ့ထား ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်ကျော်တင်ပြခြင်းမပြုလုပ်ရန် ကိစ္စရပ်များနှင့့််ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ လယ်ယာမြေစီစစ်ရေးကဏ္ဍများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက လုပ်ဆောင်ပေးရန်လိုအပ်နေသည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပဲခူးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။