Home / ပဲခူးမြို့နယ် / ဥပဒေအရာရှိ ကျင့်ဝတ်ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိနိုင်စေရန် ရှင်းလင်းပွဲကျင်းပပြုလုပ်

ဥပဒေအရာရှိ ကျင့်ဝတ်ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိနိုင်စေရန် ရှင်းလင်းပွဲကျင်းပပြုလုပ်

စက်တင်ဘာ ၁၄ (ပဲခူး)
=========================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ကျင့်ဝတ်တရားဝင် ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာသိရှိစေနိုင်ရန် ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကဏ္ဍအသီးသီးမှာ ကျင့်ဝတ်ဆိုတာရှိကြောင်း၊ တပ်မတော်မှာဆိုရင်လည်း စစ်သည်ကျင့်ဝတ်၊ ရဲမှာဆိုရင်ရဲကျင့်ဝတ်၊ ဝန်ထမ်းမှာဆိုရင် ဝန်ထမ်းကျင့်ဝတ်၊ တရားသူကြီးဆိုရင်လည်း တရားသူကြီးကျင့်ဝတ် စသည်ဖြင့် အသီးသီးရှိကြကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ် ထုတ်ပြန်နိုင်တာကို အစိုးရအဖွဲ့အနေဖြင့် ဝမ်းပန်းတသာကြိုဆိုကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်ကို ပြည်သူများသိရှိခြင်းဖြင့် အများပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ဥပဒေအရာရှိတွေအနေဖြင့် ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု အားနည်းခဲ့ရင် အများပြည်သူတို့၏ တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေးကိုအ ထောက်အကူမပြုနိုင်တဲ့အတွက် ထိခိုက်လာနိုင်သည့်အပြင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေမှာဖြစ်ကြောင်း၊ ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိရေးအတွက် ဥပဒေအရာရှိများအနေဖြင့် ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ထမ်းဆောင်ကြဖို့ လိုကြောင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က အမှာစကားပြောကြားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအကြံပေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာဦးက ဥပဒေအရာရှိ ကျင့်ဝတ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဥပဒေအရာရှိကျင့်ဝတ်အား ရိုးသားဖြောင့်မတ်ခြင်း၊ ဘက်လိုက်မှုကင်းပြီး တရားမျှတစွာဆောင်ရွက်ခြင်း၊ မှန်ကန်စွာစဉ်စား၊ တွေးခေါ်ပြီး ဥပဒေနှင့် အညီသုံးသပ်၊ ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်ခြင်းဆိုသည့် အခြေခံမှုများချမှတ်ကာ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားထားရသော ဥပဒေအရာရှိများဖြစ်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေအရာရှိများဖြစ်စေရန်၊ ဖြောင့်မတ်မှန်ကန်၍ မျှတသော တရားစီရင်ရေးစနစ် ဖြစ်ထွန်းလာစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို အဂတိတရား ကင်းရှင်းစွာဖော်ဆောင်၍ တရားမျှတမှု၊ သာတူညီမျှမှုရရှိရေးကို အထောက်အကူပြုသည့် ဥပဒေအရာရှိများဖြစ်စေရန်နှင့် အရည်အသွေးနှင့် အရည်အချင်းမြင့်မားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ဥပဒေအရာရှိများဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲထုတ်ပြန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဥပဒေအရာရှိ ကျင့်ဝတ်တွင် ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဘက်လိုက်မှုကင်းပြီး တရားမျှတစွာ ဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ မှန်ကန်စွာဆောင်ရွက်ခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ အရည်အသွေးနှင့် လုံလဝီရိယရှိခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း၊ အထွေထွေစသည့် အခန်း(၉)ခန်းပါရှိကာ အပြည်ပြည်ဆိုင်ရာ တာဝန်ရှိမှု၊ ပြည်တွင်းတာဝန်ရှိမှုတို့နှင့်အညီ ရေးဆွဲထားခြင်းဖြစ်ပြီး ဥပဒေအရာရှိကျင့်ဝတ် ထုတ်ပြန်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုအနက် ပဲခူးတိုင်းဒေသကြီးမှ ပထမဦးဆုံးကျင်းပခြင်းဖြစ်သည်။
အဆိုပါရှင်းလင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်ဆောင်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ နိုင်ငံရေးပါတီများနှင့် သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သိရသည်။