Home / ပဲခူးမြို့နယ် / ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှုရလာဒ်နှင့် အမျိုးသားရေဥပဒေအကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှုရလာဒ်နှင့် အမျိုးသားရေဥပဒေအကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

မေ ၁၅ (ပဲခူး)
=================================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း၏ ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာခြင်းလုပ်ငန်းစဉ်မှ ရရှိလာသောရလာဒ်များအကြောင်း ဆွေးနွေးတင်ပြခြင်းနှင့် အမျိုးသားရေး ဥပဒေအကြောင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပါမောက္ခဒေါက်တာခင်နီနီသိန်းက အမျိုးသားရေဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဝင် ဒေါက်တာဆွေဆွေအေးက တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးကြပြီး ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှုရလာဒ်နှင့်ပတ်သက်၍ National SOBA Environmental Scientist ဦးအောင်နိုင်မျိုးက ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ National SOBA Environmental Scientist ဦးအောင်နိုင်မျိုးက ပြန်လည်ဖြေကြားပြီး ပဲခူးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဌေးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံအမျိုးသား ရေဥပဒေလမ်းညွှန်မူဘောင်နှင့် မြန်မာနိုင်ငံအမျိုးသား ရေဥပဒေမူကြမ်းတွင်နောက်ခံသမိုင်း၊ လုပ်ဆောင်ခဲ့ပြီးနှင့် လုပ်ဆောင်ဆဲအဆင့်များ (၁)မှ(၆)အထိ၊ ရည်ရွယ်ချက်(၃)ရပ်၊ ပြဌာန်းချက်(၇)ချက်၊ အခန်း(၁)မှ(၁၅)အထိပါဝင်ပြီး ဧရာဝတီမြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှုတွင် ဧရာဝတီမြစ်ဝှမ်း၏ အခြေခံအကြောင်းအရာများဖြစ်သည့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့်စီးပွားရေးစသည်တို့ကို ပေါင်းစပ်လေ့လာအကဲဖြတ်ခြင်း၊ ဆန်းစစ်လေ့လာခြင်းမှရရှိလာသော အစီရင်ခံစာ(၂)မျိုး၊ မြေပေါ်ရေအရင်းအမြစ်များကို အကဲဖြတ်လေ့လာခြင်း၊ မြစ်ဝှမ်းဒေသအတွင်း ရေညစ်ညမ်းမှုတိုင်းတာခြင်း၊ မြေအောက်ရေအရင်းအမြစ်နှင့် အချက်အလက်များအား စီမံခန့်ခွဲမှု၊ မြစ်၏ဘူမိရုပ်သွင် ပြောင်လဲခြင်းနှင့် နှုန်းပို့ချမှုကိုအခြေခံဆန်းစစ်ခြင်း၊ ဇီဝမျိုးကွဲ၊ ငါးမွေးမြူရေးတို့နှင့်ပတ်သက်၍ လေ့လာဆန်းစစ်မှု၊ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်အဆင့် စီးပွားရေးပြောင်းလဲမှုများကို အခြေခံဆန်းစစ်ခြင်း၊ သုံးဖက်မြင်သရုပ်ပြပုံစံ တည်ဆောက်ခြင်းနှင့် ပြည်သူ့အကြံပြု ဆွေးနွေးပွဲများစသည်တို့ ပါဝင်ကြောင်းသိရသည်။
အခမ်းအနားသို့ လွှတ်တော်ဥက္ကဌ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ဧရာဝတီမြစ်ဝှမ်း ဆန်းစစ်လေ့လာသူများနှင့် အမျိုးသားရေဥပဒေမူကြမ်းရေးဆွဲသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။