(၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မေ ၂၃ (ရေတာရှည်)
=============================

မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်က “ယနေ့ရေနီမြို့တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ပေးနိုင်သည့်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့တစ်နေ့ဖြစ်ကြောင်း၊ ဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့်လည်း စေတနာ၊ မေတ္တာအပြည့်ဖြင့် ပြည်သူလူထု၏အကျိုး၊ မိမိတို့ဌာန၏ အကျိုးကို ကောင်းမွန်စွာ ဆောင်ရွက်ပေးကြဖို့လိုကြောင်း မြို့မိမြို့ဖ၊ ရပ်မိရပ်ဖအပါအဝင် ကျေးရွာသူ/သားအားလုံးတို့ကလည်း ဆေးရုံကြီးသန့်ရှင်းသာယာလှပဖို့၊ လူနာများစိတ်ချမ်းသာစေဖို့နှင့် မိမိတို့ရပ်ရွာကို လာရောက်တာဝန်ထမ်းဆောင်သော ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည့်နေရာတွင် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြရန်လိုအပ်ကြောင်း” အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်နှင့် ရေနီမြို့အုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ (၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံ ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အလံအား တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာအေးငြိမ်းက ရေနီမြို့၊ မြို့မိမြို့ဖတစ်ဦးအား ပေးအပ်သည်။
(၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံအား ၂၀၁၃-၂၀၁၄နှင့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တို့တွင် ပြည်ထောင်စုဘက်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း(၅၀၀၀)ကျော်ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်နယ်ဆေးရုံသည် ရေနီမြို့ဧရိယာပတ်လည်ရှိ ရပ်ကွက်(၄)ခု၊ ကျေးရွာ(၂၄)ရွာ၊ အိမ်ခြေ(၆၀၄၁)နှင့် လူဦးရေစုစုပေါင်း (၃)သောင်းကျော်အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်သည့်အပြင် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၂)ရွာခန့်ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် လူဦးရေ(၂)သိန်း(၁)သောင်းကျော် နေထိုင်လျှက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု့များ ပြုလုပ်ပေးနိုင်ရန်အတွက် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ(၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (မြို့လှနှင့်ဆွာ)(၂)ရုံရှိရာမှ ယခု(၁၆)ကုတင်ဆံ့ ရေနီတိုက်နယ်ဆေးရုံ(၁)ရုံ ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဆရာဝန်နှင့် လူဦးရေအချိုးသည် (၁:၃၀၅၉၂)၊ သူနာပြုဆရာမနှင့် လူဦးရေအချိုးသည် (၁:၈၉၂၂)၊ သားဖွားဆရာမနှင့် လူဦးရေအချိုးသည် (၁:၄၄၆၁)၊ လူနာကုတင်နှင့်လူဦးရေအချိုးသည် (၁:၂၉၃၄)ရှိကြောင်း သတင်းရရှိသည်။