Home / ပဲခူးမြို့နယ် / ၂၀၁၇ခုနှစ်၊ပဉ္စအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

၂၀၁၇ခုနှစ်၊ပဉ္စအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

စက်တင်ဘာ ၁၃ (ပဲခူး)
===================================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့မှ ကြီးမှူးပြီး ၂၀၁၇ခုနှစ် ပဉ္စမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံ၌ လူကုန်မှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများ ရေးဆွဲပြီး ကဏ္ဍပေါင်းစုံ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုလို(၅)နှစ်စီမံကိန်းတွေဖြင့် လုပ်ဆောင်လာရာမှာ ၂၀၁၇မှ ၂၀၂၁အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် တတိယ(၅)နှစ် စီမံကိန်း(၂၀၁၇-၂၀၂၁)ကိုလည်း အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုသည့် ကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခင်က ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်သာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှစတင်ပြီး အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် ပူးပေါင်းကာ လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင်ရေးနှင့် လူကုန်ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာ ကိစ္စများကို ချိတ်ဆက်လုပ်ဆောင်ခဲ့သောကြောင့် ယနေ့အချိန်ထိ အင်ဒိုနီးရှားနိုင်ငံမှာ လူကုန်ကူးခံရသူတွေအပါအဝင် မြန်မာရေလုပ်သားပေါင်း (၁၁၇၈)ဦးကို ပြန်လည်ခေါ်ဆိုနိုင်ခဲ့ကြောင်း၊ မြန်မာရေလုပ်သားများ နိုင်ငံခြားတွင် ခေါင်းပုံဖြတ်ခံရမှုတွေ ပပျောက်ရန် မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-အင်ဒိုနီးရှား ဆက်စပ်(၄)နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း မြှင့်တင်လုပ်ဆောင်လျှက်ရှိကြောင်း၊ ကြိုတင်ကာကွယ်ရေးကဏ္ဍ အနေဖြင့် စာသင်ကျောင်းများ၊ လူစည်ကားရာနေရာများ၊ လုပ်ငန်းခွင်များမှာ အသိပညာပေးမှုများ ကျယ်ပြန့်စွာလုပ်ဆောင်ကြရန်လိုအပ်ကြောင်း” ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ပေးပို့သည့် သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ဖတ်ကြားကာ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပဲခူး)၊ တပ်ဖွဲ့စုမှူးရဲမှူးအောင်စိုးက လူကုန်မှုတားဆီးနှိမ်နင်းရေး ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးကြိုးပမ်းအားထုတ်မှု ဗွီဒီယိုခွေမှတ်တမ်းအားပြသပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ပိုစတာ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/သူများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့မှ စတင်ပြဌာန်းနိုင်ခဲ့သည့်အတွက် စက်တင်ဘာလ (၁၃)ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ခုနှစ်က စတင်သတ်မှတ် ကျင်းပခဲ့ရာ ယခုနှစ်သည် ပဉ္စမအကြိမ်မြောက် ရှိပြီဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၆ခုနှစ်၌ တရုတ်နိုင်ငံ ဦးတည်သော လူကုန်းမှု(၅)မှု၊ ပြည်တွင်းလူကုန်ကူးမှု(၁)မှု၊ ပေါင်း(၆)မှု တရားခံ(၁၄)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင် တရုတ်နိုင်ငံ ဦးတည်သော လူကုန်ကူးမှု(၁)မှု၊ ထိုင်းနိုင်ငံဦးတည်သော လူကုန်ကူးမှု(၂)မှု၊ ပြည်တွင်း(၂)မှု၊ ဘင်္ဂါလီသယ်ဆောင်မှု (၂)မှုပေါင်း(၇)မှု တရားခံ(၂၂)ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။