Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ၂၀၁၇ ခုနှစ် အခြေခံကျောင်းပေါင်းစုံအသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၇ ခုနှစ် အခြေခံကျောင်းပေါင်းစုံအသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ ၁၁ (ပဲခူး)

===================

အောက်တိုဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၀၃:ဝဝ)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းတွင် ၂၀၁၇ ခုနှစ် ပဲခူးတိုင်းဒေသကြီး အခြေခံကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးမြို့၊အထက(၃)မှ ကျောင်းသား/ ကျောင်းသူလေးများနှင့် အထက(အင်းတကော်)မှ ကျောင်းသား/ ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွား အကများဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ) ကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားဝတ်စုံများဖြင့် ထာဝရသစ္စာသီချင်း ကိုဖျော်ဖြေတင်ဆက်ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အားကစားပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားလာစေရန်၊ ဘောလုံးအားကစားသည် အသင်းအဖွဲ့လိုက် စုပေါင်းကစားရသည့် အားကစားဖြစ်၍ စုပေါင်းလုပ်ဆောင်တက်သည့် ဒီမိုကရေစီ အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်သည်ဟု ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအားယှဉ်ပြိုင်ကစားကြပြီး ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တံခွန်စိုက်ဒိုင်းဆုကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးမှလည်းကောင်း၊ ဒုတိယဆုရရှိသော သာယာဝတီခရိုင်အသင်းအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှလည်းကောင်း၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော အသင်းအား တိုင်းဒေသကြီး ပညာရေးဒုတိယညွှန်ကြားရေးမှူး ဆရာမကြီးမှလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးကြသည်။
အဆိုပါ(၁၃)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို (၈.၁၀.၂၀၁၇)ရက်မှ (၁၁.၁၀.၂၀၁၇)ရက်ထိ ယှဉ်ပြိုင်ကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ အသင်း(၄)သင်း ပါ၀င်ယှဉ်ပြိုင်ကြကြောင်း သိရသည်။