(၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

စက်တင်ဘာ ၆(ပဲခူး)
===================================

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်၊ ဒိုက်ဦးလမ်း၊ ဆည်မြောင်းရှင်းလင်းဆောင်၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံက်(၉:၃၀)နာရီအချိန်က (၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးတို့က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးလှထွန်းက ဓာတ်အားခွဲရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်နှင့် ဒေသခံတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ၃၃/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ထရန်စမော်မာအား ဓာတ်အားရယူရန်အတွက် စက်ခလုတ်အားလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ၁၁ကေဗွီ Incoming panel ၏ စက်ခလုတ်အားလည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ၁၁ကေဗွီ မြစ်ကျိုးဖီဒါ၏ စက်ခလုတ်အားလည်းကောင်း အသီးသီး ဖွင့်လှစ်ပေးကြသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။