Home / ပဲခူးမြို့နယ် / (၆၇)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်

(၆၇)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်

မေ ၁၀ (ပဲခူး)
========================

ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ မေလ(၁၀)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ရင်ပြင်တော် အရှေ့ဘက်မုခ်ရှိ မဟာဗောဓိညောင်ပင်၌ (၆၇)ကြိမ်မြောက် ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘာသာရေးအသင်းအဖွဲ့များမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လင်္ကျာရစ်ပတ်၍ပူဇော်ပြီး “ဒုမေနာထော” ဗောဓိပူဇနာ ဝန္ဒနာဂါထာဖြင့် ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ကာ မဟာဗောဓိပင် ဘုရားရှိခိုးဖြင့် မဟာဗောဓိပင်ကို ရှိခိုပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်းများ ပြုလုပ်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပြည်သူများက “ဒုက္ခပတ္တာစနိဒ္ဒုက္ခာ” ဂါထာတော်ကို (၃)ခေါက်ရွတ်ဆို မေတ္တာပို့ကာ မဟာဗောဓိညောင်ပင်အား ညောင်ရေတော်သွန်းလောင်း အမျှဝေသာဓုခေါ်ဆိုပြီး “ဇယန္တောဗောဓိယမူလေ” စသည့် ဗုဒ္ဓါဘိသေက မင်္ဂလာအောင်ဂါထာဖြင့် စုပေါင်းရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာ မြတ်စွာဘုရားရှင်လက်ထက် သုမေဓာရှင်ရသေ့ဘဝ၌ ဘုရားအလောင်းတော်အဖြစ် ပထမဆုံး ဗျာဒိတ်ခံယူတော်မူသောနေ့ဖြစ်ခြင်း၊ ဗုဒ္ဓအလောင်းအလျာ ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း၊ ဘုရားရှင်စင်စစ် ဧကန်ဖြစ်တော်မူသောနေ့ဖြစ်ခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူသော နေ့ဖြစ်ခြင်းတို့ကြောင့် ကဆုန်လပြည့်နေ့သည် ထူးခြားလေးနက်ပြီး ဗုဒ္ဓမြတ်စွာဘုရားဖြစ်စဉ်၌ စလယ်ဆုံး သုံးပါးလုံး ပါဝင်နေသော နေ့ထူးနေ့မြတ်ကြီး ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွတ်အမြတ် နေ့တစ်နေ့လည်း ဖြစ်သည်။
ထိုနေ့ထူးနေ့မြတ်တွင် ပဲခူးမြို့ပေါ်ရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းအချို့နှင့် ရပ်ကွက်ဆွမ်းလောင်း ဓမ္မာရုံများတွင် မြတ်ဗုဒ္ဓအားရည်မှန်း၍ ပရိဘောဂစေတီဖြစ်သော မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ သံဃာတော်အရှင်သူမြတ်များအား အရုဏ်စွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ တရားဘာဝနာများ ပွားများနာယူခြင်းတို့အပြင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွတ်ပွဲနှင့် တိရစ္ဆာန်ဘေးမဲ့လွှတ်ခြင်း၊ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများလည်း ကျင်းပပြုလုပ်ကြကြောင်း သိရသည်။