Home / ပဲခူးမြို့နယ် / (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပပြုလုပ်

(၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပပြုလုပ်

မေ ၅ (ပဲခူး)
=========================

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းကျောင်းလမ်းရှိ၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ မေလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ “မီးသတ်လုပ်ငန်းသည် ပြည်သူများ၏ ဘေးအန္တရာယ်များကို ပြည်သူလူထုနှင့် တစ်သားတည်းရှိပြီး ရင်ဆိုင်ဖြေရှင်းရတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေမှုများ ကာလရှည်ကြာ ထိန်းသိမ်းထားနိုင်ဖို့ စီမံဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်အသွယ်သွယ် လွတ်ကင်းစေဖို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ မီးသတ်တပ်ဖွဲ့ စတင်သန္ဓေတည် ပေါက်ဖွားလာခြင်းသည် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်တိုင်း မီးသတ်သမားကောင်း တစ်ယောက်တွင်ရှိရမည့် ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့နှင့် ပြည်သူကို အလုပ်အကျွေးပြုကြရန်၊ အထူးသဖြင့် မီးသတ်သမားတစ်ယောက်၏ နှလုံးအိမ်တွင်ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ ဘေးဒုက္ခအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိတို့အသက်၊ ခန္ဓာအရင်းတည်ပြီး ကူညီကယ်တင်ရတာကြောင့် မွန်မြတ်သည့် နှလုံးသားပိုင်ရှင်များ ဖြစ်ကြောင်း” အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံမှလည်းကောင်း၊ စခန်းသာယာလှပရေးဆု ရရှိသောပြည်ခရိုင် မီးသတ်ဦးစီးဌာန၊ မီးသတ်စက်ကြီးဆုရှိရသော ပဲခူးခရိုင်မီးသတ်ဦးစီးဌာန၊ မီးသတ်စက်ကလေး ပထမဆုရရှိသော ပြည်ခရိုင် မီးသတ်ဦးစီးဌာန၊ လက်နက်မဲ့စစ်ရေးပြပြိုင်ပွဲ ပထမဆုရရှိသော တောင်ငူခရိုင်မီးသတ်ဦးစီးဌာန၊ မီးသတ်စက်ကြီး အထူးဆုရရှိသော သာယာဝတီခရိုင် မီးသတ်ဦးစီးဌာနများအား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ဂတ်စ်(Gas)မီးလောင်မှုအား လက်ဖြင့်ငြိမ်းသတ်သရုပ်ပြခြင်း၊ ဂတ်အိုးမီးလောင်မှုအား (Dry Chenical Powder) ဖြင့့််မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ ဆီမီးလောင်မှုအား ကျောလွယ်မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်မှုသရုပ်ပြခြင်း၊ မီးခိုးတွင်း ပိတ်မိနေသောလူနာများကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုသရုပ်ပြခြင်း၊ ဆီမီးလောင်မှုအား(Foam Truck) မီးငြိမ်းသတ်ယာဉ်နှင့် ငြိမ်းသတ်သရုပ်ပြခြင်း၊ ယာဉ်မတော်တဆမှု(Car Accident)မှ မီးငြိမ်းသတ်ခြင်းနှင့် ဒဏ်ရာရလူနာများအား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုသရုပ်ပြသခြင်း၊ မီးငြိမ်းသတ်ယာဉ်များဖြင့် ဆေးရောင်စုံသရုပ်ပြသခြင်းများ ပြုလုပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာမများ၊ ပြည်သူများ၊ မီးသတ်တပ်ဖွံ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။