Home / အုပ်ချုပ်ရေး / ပဲခူးခရိုင် / (၇၉)ကြိမ်မြောက် ဝိနယတံခွန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

(၇၉)ကြိမ်မြောက် ဝိနယတံခွန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဇန်နဝါရီ ၁၄ (ပဲခူ)
=================================

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က ပဲခူးခရိုင် (၈)မြို့နယ်လုံးဆိုင်ရာ (၇၉)ကြိမ်မြောက် ဝိနယတံခွန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူ ဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြမ်ရွတ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကိုးသိန်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များက သေခိယလာပရိမဏ္ဍလဝင်္ဂပါဠိကိုရွတ်ဆိုပြီး သံဃာယနာတင်ကာ ဝိနယတံခွန်သြဝါဒစရိယ ဝမ်းဘဲအင်းဘာဝနာရုံဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံမှ ဝန်ကြီးချုပ်အမှုးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အလှူရှင်များကအလှူ ငွေများပေးအပ်လှူဒါန်းပြီး ဝိနယတံခွန်စာမေးပွဲ အကျိုးတော်ဆောင်အဖွဲ့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ (၇၉)ကြိမ်မြောက် ဝိနယတံခွန်စာမေးပွဲ ရ/သုံးစာရင်းအား တွဲဘက်အတွင်းရေးမှူး ဦးသောင်းထွန်းနိုင်က အစီရင်ခံလျှောက်ထားတင်ပြီး ဘဏ္ဍာရေးမှူး ဦးသူရခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် စာအောင်သံဃာများအနက် ပါတိမောက္ခသီလသိက္ခာတန်း၊ သာမဏေရသီလသိက္ခာ အကြီးတန်း၊ သာမဏေရသီလသိက္ခာ အငယ်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသော သံဃာတော်များအား ဝိနယတံခွန်စာမေးပွဲအဖွဲ့ ဥက္ကဌ သရေစည်သူဦးကျော်သန်းနှင့် အမှုဆောင်အဖွဲ့များက အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် သာသနာ့မဏ္ဍိုင် ပါဋိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ အနုမောဒနာတရားနာယူကာ ရေစက်သွန်ချ အမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပဲခူးခရိုင်(၈)မြို့နယ်လုံးဆိုင်ရာ (၇၉)ကြိမ်မြောက် ဝိနယတံခွန်စာမေးပွဲတွင် ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ်များရှိ ဂိုဏ်းပေါင်းစုံ၊ ကျောင်းပေါင်းစုံတို့မှ စာဖြေသံဃာ (၁၃၅၅)ပါး ဝင်ရောက်ဖြေဆိုရာ သံဃာတော်(၅၆၀)ပါး အောင်မြင်တော်မူသည်။
အဆိုပါ အခမ်းအနားသို့ ဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဥပဒေချုပ် ဝိနယတံခွန်စာမေးပွဲ နာယက၊ ဥက္ကဌနှင့် အကျိုးတော်ဆောင်အဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။