Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ စတင်ကျင်းပပြုလုပ်

ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ စတင်ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၆

=============

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၆) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အလှည့်ကျဂေါပကအဖွဲ့ဝင်တို့က (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်း(၃)ချက်တီးပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတ စင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း ရက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် ညပိုင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲအား ဆက်လက်ကျင်းပပြုခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူး တန်ဆောင်တိုင်ပွဲတော်စာတမ်းများ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြ သည်။

တစ်ဆက်တည်း ရောင်စုံမီးပုံးပျံအသေး(၆၀၀)နှင့် မီးပုံပျံအကြီး(၅)လုံးတို့အား လွှတ်တင်ပူဇော်ခဲ့ကြ သည်။ ၎င်းနောက် ပဲခူးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိတ်သက် များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဆုတောင်းပြည့်ရွှေမော်ဓောဘုရားဝန်းအတွင်း စည်ကားလျက်ရှိကြောင်းနှင့် ရွှေမော်ဓောဘုရားလမ်း တစ်လျှောက် တန်ဆောင်တိုင်ပွဲတော်ကာလအတွင် MSMEs ထုတ်ကုန်အရောင်း ဆိုင်ခန်းများ၊ ပွဲဈေး တန်းများ ရောင်းချပေးလျက်ရှိရာ ဈေးဝယ်သူ/ဈေးရောင်းချသူများနှင့် စည်ကားများပြား လျက်ရှိကြောင်း သိရှိရသည်။

          နိုဝင်ဘာလ(၂၇)ရက်နေ့၊ အာရုံတက်အချိန်တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အား လင်္ကျာရစ်သုံးပတ်ပတ်၍ လှည့်လည်ပူဇော်ပြီးပြိုင်ပွဲဝင်စင်များမှ မသိုးသင်္ကန်းရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများအား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး မုခ်အသီးသီးရှိ ဘုရားဆင်းတု တော်များအား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရသည်။