Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၄

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်မြေအခြားနည်းအသုံးပြုခွင့်များနှင့် ပတ်သက်၍ စိုက်ပျိုးမြေများအတွင်း မြို့သစ်ဖော်ထုတ်ခြင်း၊ စက်ရုံတည်ဆောက်ခြင်းနှင့် အိမ်ရာမြေ ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်မှာကြားထားပြီး ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လယ်ယာမြေများအပေါ် မည်သည့် လုပ်ငန်းကိုမျှ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း၊ တောင်သူလယ်သမားများ ဓာတ်မြေဩဇာ သွင်းအားစုစရိတ်ကြီးမြင့်မှုပေါ် ပြန်လည်ကုစားပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအစီ အစဉ်ဖြင့် မကြာမီ ဓာတ်မြေဩဇာ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် စီစဉ်ထားရှိပြီးဖြစ်၍ တောင်သူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျ ကြီးကြပ် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ဆီဖူလုံမှုရှိစေရေးအတွက်လည်း ခရိုင်အလိုက် နေကြာ မျိုးစေ့များ တောင်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးထားပြီးဖြစ်၍ မြေပြင်တွင် အမှန်တကယ်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် နစ်နာကြေး/လျော်ကြေးငွေ ပေးချေရမည့်အမှုတွဲများ၊ ပုံစံ(၇)မိတ္တူလျှောက်ထားသည့် အမှုတွဲများနှင့် အခြားနည်းအသုံးပြုခွင့် လျှောက် ထားသည့် အမှုတွဲများအား Power Point ဖြင့်လည်းကောင်း၊ ပဲခူး/တောင်ငူ/ပြည်/ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက်ကော်မရှင်ရုံး မြေနေရာ၊ ဌာနဆိုင်ရာမြေနေရာရရှိ အမှုတွဲများ၊ နွေစပါးနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားချက်များအား Power Point ဖြင့် လည်းကောင်း အသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ က အမှုတွဲအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုချက်များပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ဖြေရှင်းဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။