Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃

===============

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အ‌နောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပပြုလုပ်သည်။

      အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာ ပရိတ်သတ်များ လာရောက်ကြပြီး ပဲခူးမြို့ သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တသုန္ဒရဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

     ထို့နောက် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ ဓဇဓမ္မာစရိယ  ဘဒ္ဒန္တသုန္ဒရ ဆရာတော်က အဓိပတိ(၄)ပါးတရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အ‌နောက်ဘက်မုခ် အနီးရှိ ယာဉ်ရပ်နားကွင်းတွင် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အား ဇန်နဝါရီလ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ အေးချမ်းအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ကြောင်း သတင်းရရှိသည်။