Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၃

=========================

          ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၁၃)ရက်နေ့၊ ညနေပိုင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မှူး နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကြန်ဟူသောစကားသည် “သင်္ကြန္တ” ဟူသော သက္ကတ စကားဖြစ်၍ “သကန္တ”ဟူသော ပါဋ္ဌိစကားမှ ဆင်းသက်လာပြီး ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန် အချိန်အခါတွင် အတာရေ ပတ်ဖြန်းပေးခြင်းဖြင့် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးတို့ကို ဆေးကြောခြင်းနှင့်အတူ တစ်ဦးနှင့် တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ခြင်း၊ စည်းလုံး ညီညွှတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း၊ မဟာသင်္ကြန်ကာလ အတွင်း ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများ ပြုစုခြင်း ပူဇော်ကန်တော့ခြင်း၊ အလှူဒါနများ ပြုလုပ်ခြင်းနှင့်အတူ ဇီဝိတဒါနအဖြစ် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်းများ ပြုလုပ် ကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဆင်နွှဲရာတွင် ရိုးရိုးသားသား ပျော်ရွှင်မှုမျိုးသာဖြစ်စေရန်နှင့် ရိုးရာ ယဉ်ကျေးမှုကိုပျက်စေသည့် အပျက်သဘောမျိုးမဖြစ်စေအောင် ယနေ့လူငယ်များ ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း၊ ယခုလို ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလ အခါသမယမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းမှ အားနည်းချက်တွေကိုပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ် မြှင့်တင်ပြီး တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီ ပေးဆပ်သယ်ပိုးသွားမှာ ဖြစ်၍ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကျန်းမာရွှင်လန်းစွာဖြင့် မိမိတို့နှင့်အတူ တိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်နိုင်ရေး ညင်သာတဲ့ အသွင်ကူးပြောင်းလဲရေးအတွက် အမြင်ကျယ်ကျယ် ဉာဏ်ပညာရှိရှိဖြင့် ဝိုင်းဝန်းလက်တွဲပါဝင် ဆောင်ရွက် ကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် မြို့မိ/မြို့ဖတစ်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း”သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာ သည့် ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်နှင့် အတာသင်္ကြန်ရေ ပတ်ဖြန်းပေးခဲ့ သည်။

          ယင်းနောက် ဖျော်ဖြေရေး ယိမ်းအဖွဲ့များက သင်္ကြန်မိုး၊ နွေဦးကဗျာ၊ နှစ်သစ်မင်္ဂလာ သီချင်း များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ညပိုင်းတွင် ခေတ်ပေါ်တေးဂီတ အစီအစဉ်များဖြင့် တင်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။