Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (စတုတ္ထပတ်)မြောက် မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (စတုတ္ထပတ်)မြောက် မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မေ ၂၁

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (ဒုတိယ)အကြိမ်မြောက် မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့  တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်း၊ တူးဖော်ပေးခြင်း များ ဆောင်ရွက်ပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိ စေရေး ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် လမ်း/ရေမြောင်း ဧရိယာ များတွင် ကျူးကျော်နေထိုင်မှုမရှိ‌စေရေး ကြီးကြပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (စတုတ္ထပတ်)မြောက် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်အတွင်း လမ်းဘေး(ဝဲ/ယာ)၊ အများနှင့်သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များ တို့တွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဧတဒင်္ဂရပုဂ္ဂိုလ်ထူးများ၏ စံကျောင်းတော်ကြီး၌ သုံးဂိုဏ်းဝင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၅၅)ပါးတို့မှ (၆၁)ကြိမ်မြောက် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်များအား နဝကမ္မအလှူတော်ငွေ၊ နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြောင်း သတင်းရရှိသည်။