Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၂

================

        ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြွရောက် လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် မြို့နယ်သီလရှင် အမှုဆောင်အဖွဲ့ ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ဖြစ်ပြီး ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီးနှင့် ကျိုက်ပွန်ဘုရား အစရှိသော ရှေးဟောင်းဘုရားစေတီပုထိုးများတွင် ဘုရားဖူးလာပြည်သူများနှင့် အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက် လျက်ရှိကြောင်း သတင်းရရှိသည်။