Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၇

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) သည် (၁)လကျော်သာ ကျန်ရှိတော့သဖြင့် ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချက်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အိုမီခရွန် ရောဂါပိုးတွေ့ရှိမှုများရှိလာပြီဖြစ်၍ ညွှန်ကြားထား သည့်အတိုင်း Community Based Facility Quarantine (CBFQ)  ဆောင်ရွက်မည့်နေရာများ အသင့်ပြင်ဆင်ထားရန်နှင့် စေတနာ့ဝန်ထမ်းများ ကြိုတင်စုစည်းထားရှိရန် ၊ ရပ်ကွက်/ကျေးရွာ အလိုက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားရန်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ဘဏ္ဍာကောက်ခံသည့် ဌာနများ ရသင့်ရထိုက်သည့် အခွန်ငွေများ ရာနှုန်းပြည့်ကောက်ခံသွားရန်နှင့် ဘဏ်ငွေသွင်းရာတွင်လည်း စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာမြေနေရာနှင့် လမ်းကျူးကျော်နေထိုင်မှုများမရှိစေရေး စိစစ်သွားရန် လိုအပ်ကြောင်း၊ လုံခြုံရေးနှင့် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များ၊ ဌာနဆိုင်ရာရုံးများ လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြင့်ဖြင့် ဆောင်ရွက်သွားရန် ပြောကြားခဲ့ သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးတို့မှ လုံခြုံရေးနှင့် ကျန်းမာရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး၊ ဌာနဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများ မြန်ဆန်စွာ ပြီးမြောက်စေရေး  ဆောင်ရွက်ရမည့် အချက်အလက်များအား အကြံပြု တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီး ဌာနမှ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၊ သင်တန်းကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် သီးခြား လိုအပ်ချက်များ တင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။