Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း(၂)ရာခိုင်နှုန်းအောက် ရောက်ရှိကျဆင်း နေပြီဖြစ်သော်လည်း ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပေါ့ဆ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း(၂)ရာခိုင်နှုန်းအောက် ရောက်ရှိကျဆင်း နေပြီဖြစ်သော်လည်း ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပေါ့ဆ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး အောက်တိုဘာ ၂၅

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၂၂/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း(၂)ရာခိုင်နှုန်းအောက် ရောက်ရှိကျဆင်းနေပြီဖြစ်သော်လည်း ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပေါ့ဆ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက်ရရှိသည့် ကာကွယ်ဆေးအရေအတွက်အတိုင်း သတ်မှတ်ဦးတည်အုပ်စုများ မကျန်ရှိ စေရေးနှင့် ကာကွယ်ဆေး လေလွင့်မှုမရှိစေရေး ဆေးထိုးစုရပ်များအလိုက် ချိတ်ဆက်ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း၊ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်အလိုက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးသည့် အစဉ်အလာကောင်းအား ဆက်လက်ထိန်းသိမ်း ရောင်းချပေးသွားရန်ဖြစ်ကြောင်း၊ ရဟန်း/သံဃာများ၊ သီလရှင်များ၊ ကပ္ပိယများ နှင့် ဝေယျာဝစ္စဆောင်ရွက်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးရန်၊ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကိုလည်း ကျောင်းဖွင့်ရာသီမတိုင်မီ ကာကွယ်ဆေး အပြီးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဌာနဆိုင်ရာရုံး/ အဆောက်အဦ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက် သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟမှ တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပြုချက်များနှင့် ကာကွယ် ဆေးထိုး ဆောင်ရွက်မှုအခြေအနေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးမှ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ ကိုလည်းကောင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် သီးခြား လိုအပ်ချက်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းဦးရေ(၃၇၉၅၀၀၀)ဦးရှိပြီး အောက်တိုဘာလ(၂၄)ရက်နေ့အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၂၇၄၀၃၉)ဦး၊ ကာကွယ်ဆေး(၂)ကြိမ်အပြည့် ထိုးနှံပြီးစီးသူ(၆၆၀၉၃၆)ဦးရှိသဖြင့် ရည်မှန်းဦးရေ၏ (၃၃)ရာခိုင်နှုန်းကျော် ထိုးနှံပြီးကြောင်း သတင်းရရှိသည်။