Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၂

=================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီး အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့သည်။

          ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်(၁၀၅) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု လက်ဆောင်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုငွေကျပ်(၅)သိန်း၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေကျပ်(၅)သိန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုငွေကျပ်(၃)သိန်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူတကွ ရင်းရင်းနှီးနှီး နေ့လည်စာ သုံးဆောင်ခဲ့ကြပြီး ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုခဲ့ ကြသည်။

           ပဲခူးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလဆန်းအထိ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ် တွင် မိမိတို့လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်မျိုးစုံ (၃၆၉)လက်၊ ကျည်/ခဲယမ်းမျိုးစုံ (၁၀၈၇၁)တောင့်၊ ဗုံး(၉)လုံး၊ ကျည်အိမ်မျိုးစုံ(၅၅)ခုနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

         ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့သည် ပဲခူးမြို့၊ ခေါင်းဆေးကျွန်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မြေငလျင်ကြောင့် ထိခိုက်ခဲ့သည့် ဂန္ဓကုဋိတိုက် ပြန်လည်တည်ဆောက်ပေးနိုင်ရေး ပဓာနနာယကဆရာတော်ထံ သွားရောက်လျှောက်ထားခဲ့ပြီး လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသန့်ရပ်စေရေး၊ ခြံစည်းရိုးကာရံနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာ ကြားခဲ့သည်။

      ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းထောင့်ရှိ ဘုရင့်နောင် ရင်ပြင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။