Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ် များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ် များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၆

=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်‌တော်ကြီး၌ မတ်လ(၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတံဆိပ်များ ဆုရှင် အဆိုတော် မထက်ထက်မော်က ထူးမခြားနား ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းကိုလည်းကောင်း ဖိတ်ကြား လျှောက်ထား သီဆိုပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ ပန်းလှိုင်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒမထေရ်မြတ် က သမ္မောဒနီယ ဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးတို့က ဘွဲ့တံဆိပ်တော်များ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

        ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်(ရွှေကျင်) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥက္ကံသမဟာထေရ်မြတ်ထံမှ  ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကာ ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

         ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိမှုမှာ အဘိဓဇ မဟာရဌဂုရုဘွဲ့(၁)ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့(၁)ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့(၅)ပါး၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိဘွဲ့(၃)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ဆရာတော်(၃)ပါး၊ သီလရှင်(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ ဆရာတော်(၅)ပါး၊ သီလရှင်(၂)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့(၃)ပါး၊ မဟာသဒ္ဓမ္မဇောတိကဘွဲ့ ဆရာတော်(၇)ပါး၊ သီလရှင်(၁)ပါး၊ သဒ္ဓမ္မဇောတိကဘွဲ့ဆရာ‌တော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး၊ မဟာကမ္မဌာနာ စရိယဘွဲ့(၁)ပါး၊ ကမ္မဌာနာစရိယဘွဲ့(၂)ပါး၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့(၁)ဦး၊ သုဓမ္မသိင်္ဂီဘွဲ့(၁)ဦး၊  စုစုပေါင်း ရဟန်း/သံဃာ(၃၆ )ပါး၊ သီလရှင်(၄)ပါးနှင့် လူပုဂ္ဂိုလ်(၃)ဦးတို့ ရရှိ‌ကြကြောင်း သတင်းရရှိသည်။