Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် လည်ပတ်လျက်ရှိ

မတ် ၃၀ ပဲခူး

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြု လုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစွာရရှိရေးအတွက် စက်ရုံအလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုတိုးခြင်း၊ စက်ရုံအသစ်များ တည်ဆောက်ခြင်းနှင့် CMP လုပ်ငန်းများ တိုးပွားလာစေရေး ဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု၏ အခွင့် အရေးကောင်းကို အမှီပြုပြီး လစဉ်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ၍ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း များပေါ်ထွက်လာကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ထပ်မံ၍လည်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်သွားရန်လိုအပ်သလို MSMEs လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှ ပံ့ပိုး ကူညီဆောင်ရွက်မှုများ အရှိန်အဟုန်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကုန်ကြမ်းပစ္စည်း များ တင်သွင်းခြင်းနှင့် ဓာတုပစ္စည်းများ သိုလှောင်သုံးစွဲရာတွင် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အထူးသတိပြုရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများနှင့် ချေးငွေများ အပြည့်အဝရရှိရေး ပြန်လည်ကောက်ခံရန် လိုအပ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် နိုင်ငံခြားဝင်ငွေရရှိပြီး တိုင်းပြည်အတွက် အလွန်အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်၍ လိုအပ်သည့် အခက်အခဲများကို ဌာနဆိုင်ရာများမှ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် နွေရာသီ ရောက်ရှိလာပြီဖြစ်၍ စက်မှုဇုန်များ၊ စက်မှုနယ်မြေများအလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Jagon Beauty Co., Ltd ၏ ကုန်ကြမ်းပစ္စည်းထပ်မံတိုးချဲ့ တင်သွင်းခွင့်ကိုလည်းကောင်း၊ Sun Good Garments Co., Ltd ၏ စက်ရုံတည်ဆောက်ရေးကာလ သက်တမ်း တိုးခြင်းကိုလည်းကောင်း၊ Myanmar Shwekyin Solar Power Co., Ltd ၏ စက်ရုံတည်ဆောက်ရေးကာလ သက်တမ်းတိုးခြင်းကိုလည်းကောင်း Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၇၃.၇၈၃)သန်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၇၅၂၃၅.၇၇၅)သန်း တိုးတက်ဝင်ရောက် ခဲ့ပြီး ဒေသခံပြည်သူ (၈၄၅၈)ဦးအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။