Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၂

=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ လက်ထက်တွင် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ခွင့်မပြုခဲ့သော်လည်း ယခင်ခွင့်ပြုပေးခဲ့သည့် လယ်ယာမြေများအား ပြန်လည်စိစစ်၍ စည်းကမ်းချက် အတိုင်း ဆောင်ရွက်ခြင်းမရှိပါက လယ်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ မြေယာအယူခံမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာအယူခံမှု တစ်ခုချင်းစီအား သေချာစိစစ်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအား အခြားနည်းအသုံးပြုခြင်းမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တားဆီးခြင်းနှင့် အရေးယူခြင်းများကို ချက်ခြင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လယ်ယာ မြေများအား အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်း၊ နှစ်ရှည်သီးနှံပြောင်းလဲစိုက်ပျိုးခြင်းတို့မှတစ်ဆင့် မြေယာအမျိုးအစားပြောင်းကာ အခြားနည်းလျှောက်ထားမှုများ မရှိစေရေး မြေပြင်တွင်စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လယ်ယာမြေများ အကြောင်းမဲ့ဆုံးရှုံးမှုမဖြစ်စေရေး သက်ဆိုင်ရာ လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က ဌာနဆိုရာ ရုံးအဆောက်အဦများအတွက် မြေယာအမှုတွဲ(၆)တွဲ၊ ပုံစံ(၇) ပယ်ဖျက်ခြင်း အမှုတွဲ(၁)တွဲနှင့် မြေယာအယူခံမှု အမှုတွဲ(၄)တွဲတို့အား Power Point ဖြင့် အသေးစိတ် တင်ပြခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။