Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံ

ပဲခူး ဩဂုတ် ၇

===============

          ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တတိယ လှိုင်း စတင်ဖြစ်ပွားခဲ့သည့် ဇွန်လမှစ၍ မိမိတို့တိုင်းဒေသကြီးအတွင်း အောက်စီဂျင်လိုအပ်မှုများ မြို့နယ် အလိုက်ရှိခဲ့ကြောင်း၊ ၎င်းအခြေအနေကို ကျော်လွှားနိုင်ရန် စိန်ခေါ်မှုအမျိုးမျိုး၊ အခက်အခဲများကြားမှ အချိန်တိုအတွင်း အောက်စီဂျင်အိုးများမှာယူ ဖြည့်ဆည်းပေးခြင်း၊ Oxygen Plant စက်အသစ်များ ဝယ်ယူ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သည့် Liquid Oxygen Station တည်ဆောက်ခြင်း ရပ်နားနေသည့်အခြေအနေမှ စက်တည်ဆောက်ခြင်းမှအစ Liquid Oxygen အရည်မှာယူထည့်သွင်းခြင်း တို့ကိုလည်း စီစဉ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအခါ ပဲခူးဆေးရုံကြီး အတွက် လိုအပ်သော အောက်စီဂျင်ကို အပြည့်အဝ ထုတ်လုပ်ပေးနိုင်နေပြီဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂)မြို့နယ်လျှင် Oxygen Plant စက်(၁)လုံးနှုန်း တပ်ဆင်ပေးရန် ရည်မှန်းထားပြီး Oxygen Plant စက်အသစ် စုစုပေါင်း(၁၃)လုံး တပ်ဆင်ပေးရန် မှာယူထားပြီးဖြစ်ကြောင်း၊ ယနေ့အထိ Oxygen Plant စက်အသစ် (၂)လုံးကိုတပ်ဆင်ပြီးဖြစ်ပြီး ကျန်သည့် Oxygen Plant စက်အသစ်များလည်း မကြာမီရောက်ရှိလာတော့ မည်ဖြစ်ကြောင်း၊ မြို့နယ်ဆေးရုံများရှိ Oxygen ပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့မိ/မြို့ဖများ၏ စုပေါင်းလှူဒါန်းမှုဖြင့် Oxygen Plant စက်များ မြို့နယ်အသီးသီးတွင် ထပ်မံတပ်ဆင်ရန် လုပ်ဆောင်နေကြောင်း၊ စက်တင်ဘာလမှစ၍ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်း အောက်စီဂျင် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုန်ထုတ်လုပ်မှုများနှင့် စီးပွားရေးလုပ်ငန်းများ ရပ်နားမှုမရှိစေဘဲ တည်တည်ငြိမ်ငြိမ်နှင့် ပြန်လည်လည်ပတ်နိုင်ရေး ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များနှင့် ရပ်မိ/ရပ်ဖများအား တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် မွေးမြူရေးထုတ်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများကို လက်ခံမည်မဟုတ်ကြောင်း၊ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များ သက်သာလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင် များအနေဖြင့် အတ္တပရမျှတစွာဖြင့် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အလိုက် ကုန်စည်စီးဆင်းမှု လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒ(၃)ရပ်အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်ထုတ် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်ထုတ် လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ၏ တင်ပြချက်များအပေါ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရရှိသည်။

          တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။