Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၁၄

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆေးရုံလမ်းနှင့် ညွှန့်ရုပ်ရှင်ရုံ လမ်းအကြား အုတ်ရေမြောင်းနှင့် ပလက်ဖောင်းခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်း (ရန်ကုန်-မန္တလေးလမ်းနှင့်ဗန္ဓုလလမ်းအကြား) နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ (၃၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ အုတ်ရေ မြောင်းနှင့် ပလက်ဖောင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ဘေး ပန်းခြံ အဆင့်မြှင့်ဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ သမိန်ဗရမ်းလမ်း သွယ်(စိန်သရဖူဂိုဒေါင်လမ်း) ကွန်ကရစ် ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးလမ်း (ဗိုလ်အောင်ကျော်လမ်း) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်းလမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတွင် ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့်အတွက် လမ်းများ၊ ရေမြောင်းများ၊ ပလက်ဖောင်း များနှင့် အများပြည်သူ စိတ်လက်အပန်းဖြေနိုင်သည့်ပန်းခြံများအား မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု တစ်ခုချင်းစီတိုင်းကို စေတနာထားဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တည်ဆောက်ရာတွင် မြေပြင်အနိမ့်အမြင့် အခြေအနေကို မှန်ကန်စွာ တိုင်းတာဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်နေရာများတွင် ရေထုတ်ပြွန်များ လည်း ထည့်သွင်းသွားရမည်ဖြစ်ကြောင်း၊ လမ်း၊ ရေမြောင်း၊ ပလက်ဖောင်းများအား ဆောက်လုပ်ရာတွင် သတ်မှတ်ရွေးချယ်ထားသည့် ဒီဇိုင်းများအတိုင်း စံချိန်စံညွှန်းနှင့်အညီ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။