Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံတည်ဆောက်နေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံတည်ဆောက်နေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၂၄

=================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံ တည်ဆောက်ရေးရှင်းလင်းဆောင်၌ ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်က (၆)ထပ်ဆေးရုံ တည်ဆောက်နေမှု၊ တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ အရိုးဆေးကုဌာန၊ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း ဆေးကုဌာနများ ထားရှိသွားမည့် အခြေအနေများကိုလည်းကောင်း၊ (၆)ထပ်ဆေးရုံ တည်ဆောက်ရေး တာဝန်ခံမှ ဆေးရုံတည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် တည်ဆောက်ရေးလုပ်ငန်းများ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေယာ အမည်ပေါက်ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ဆေးရုံဧရိယာအတွင်း ရေကြီးမှုမဖြစ်စေရေး ရေဝင်/ထွက် ကောင်းမွန်စေရေး ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း အသီးသီး တင်ပြခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ(၆)ထပ် ဆေးရုံကြီး တည်ဆောက်ခြင်းသည် ပြည်သူ့လူထုအတွက် အလွန် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် (၆)ထပ် ဆေးရုံအတွက် လိုအပ်သော ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေးအတွက် Landscaping Design ရေးဆွဲရန်၊ ဆေးရုံ ဝင်/ထွက်လမ်းများ ကုန်ကျစရိတ် တွက်ချက်တင်ပြရန်၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်နှင့် သောက်သုံးရေဖူလုံ မှုရှိစေရေး၊ ရေအရည်အသွေး စစ်ဆေးသွားရန်နှင့် လျှပ်စစ်မီးအသုံးပြုနိုင်ရန်အတွက် ထရန်စဖော်မာ အမြန်ဆုံး တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်တို့အား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး (၆)ထပ်ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။