Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပဲခူး မတ် ၈

==================

          ပဲခူးမြို့ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ မွန်လွဲပိုင်းအချိန်က ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့  အထိမ်းအမှတ်အခမ်းအနားအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

           ရှေးဦးစွာ ဌာနဆိုင်ရာပေါင်းစုံပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးထားသည့် ဆောင်ပုဒ် သည် “စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊မတန်းတူ ညီမျှစို့” ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ စာဆိုအကျော်အမော်များ၊ အနုပညာရှင်များ၊ စွမ်းဆောင်ရှင်များ များစွာပေါ်ထွန်းခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ အမျိုးသမီးများအတွက်ကို ထည့်သွင်းစဉ်းစားပေးမယ်ဆိုလျှင် လျှင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ ကဏ္ဍစုံမှာ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင် ရန် အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ကိုယ်ရည်ကိုယ်သွေးပြည့်ဝရေးကို ရှေးရှုပြီး လေ့လာအားထုတ်ကြရမှာဖြစ်ကြောင်းနှင့် အမျိုးသားများနှင့်တန်းတူ မြန်မာအမျိုးသမီးထုရဲ့ စွမ်းပကားကို ရဲရဲဝင့်ဝင့်ဖော်ထုတ်ပြီး နိုးကြားတက်ကြစွာ ပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်းသီဆိုခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြဆုငွေ ချီးမြှင့်ပေးခဲ့သည်။ ၎င်းနောက် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု့ရေးရာဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားခဲ့ကာ အမျိုးသမီးများနှင့် ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းဖြေဆိုနိုင်သူများအား အမှတ်တရဆုလက်ဆောင် ပစ္စည်းများပေးအပ် ပြီးနောက် ပြခန်းအတွင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မှတ်တမ်းဓါတ်ပုံ များအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။