Home / မြန်မာ့သစ်လုပ်ငန်း

မြန်မာ့သစ်လုပ်ငန်း

index3

ပဲခူးတိုင်းဒေသကြီးမြန်မာ့သစ်လုပ်ငန်း

 

မြန်မာ့သစ်လုပ်ငန်းအား ဌာနကြီး(၈)ခုဖြင့် ဖွဲ့စည်းထားပြီး သစ်ထုတ်ရေးဌာနသည် သစ်စက်မှု လုပ်ငန်းတစ်ခုလုံးအတွက် လိုအပ်သည့် သစ်ကုန်ကြမ်း များ ဖြည့်ဆည်းပေးရန် သစ်တောဦးစီးဌာနမှ သတ်မှတ်ပေးသည့် နှစ်စဉ်တောထွက် (Annual Allowable Cut – AAC) ဘောင်အတွင်းမှ မှတ်ပင်ထောင်များ ကို ခုတ်လှဲထုတ်လုပ်ပေးရသည့် ပင်မဌာနကြီး တစ်ခုဖြစ်ပါသည်။ သစ်တောဦးစီး ဌာနမှ သတ်မှတ်ကျင့်သုံးနေသည့် ရေရှည်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှု SFM (Sustainable Forest Management)အရ ဌာန၏ သတ်မှတ် ထားသောစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် ထွက်ရှိသောသစ်ကုန်ကြမ်းများကို သက်ဆိုင်ရာဌာနများသို့ စနစ်တကျအချိန်မီလွှဲပြောင်းရန်မှာ သစ်ထုတ်ရေးဌာန၏အဓိကတာဝန်ဝတ္တရား ပင်ဖြစ်ပါသည်။

 

ဖွဲ့စည်းပုံ

ဌာန၏ လုပ်ငန်းရည်ရွယ်ချက်များ ပြည့်မီအောင် စီမံအုပ်ချုပ်ဆောင်ရွက်နိုင်ရန်အတွက် အထွေထွေမန်နေဂျာ(သစ်ထုတ်ရေး)၏ ဦးဆောင်မှုအောက်တွင် သစ်ထုတ်ရေး တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ်(၇)ခုနှင့် ပြည်ထောင်စုနယ်မြေတို့တွင် ဒုတိယအထွေထွေမန်နေဂျာများ ခန့်ထား၍ အောက်ပါ ဌာနခွဲများဖွဲ့စည်း ပြီး ဒုတိယအထွေထွေမန်နေဂျာ တစ်ဦးစီခန့်ထားတာဝန်ပေး ဆောင်ရွက်ပါသည်-

(က)   အုပ်ချုပ်ရေးဌာနခွဲ

(ခ)    လုပ်ငန်း၊ စီမံကိန်း/နှုန်းထားဌာနခွဲ

(ဂ)    ဘတ်ဂျက်နှင့် ငွေစာရင်းဌာနခွဲ

လက်ရှိအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ အောက်တွင် သစ်ထုတ်ရေးဒေသ (၃၉)ခု၌ ဒေသတာဝန်ခံများအဖြစ် လက်ထောက်အထွေထွေ မန်နေဂျာ၊ မန်နေဂျာများထားရှိကာ ဒေသအသီးသီး၏လျာထားချက် သစ်ထုတ်တန်(Target)များကို အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ AAC ဘောင်အတွင်းရောက်အောင် ထုတ်လုပ်သည့် သစ်တန်ပမာဏ လျှော့ချခဲ့သည့်အတွက် အချို့ သစ်ထုတ်ရေးဒေသများကို ပိတ်သိမ်း၍ ပိုလျှံဝန်ထမ်းများအား လုပ်ငန်းပမာဏများသောဒေသများသို့ ပြောင်းရွှေ့တာဝန်ချ ထားခြင်း၊ ဝန်ထမ်းအင်အားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျလျှော့ချဆောင်ရွက်မှုကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့သစ်လုပ်ငန်းသည် နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် ပြည်တွင်း/ပြည်ပဝင်ငွေ ရရှိစေ ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သစ်ထုတ်ခြင်း ကြောင့် သစ်တောများနှင့် သဘာဝ ဝန်းကျင်အားထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ် သော RIL (Reduced Impact Logging) စနစ်ကို အသုံးပြုနိုင်စေ ရေး ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏သစ်ထုတ်နည်းစနစ်သည် ရှေး အစဉ်အလာအရ ဆင်ကိုအသုံးပြုခြင်းနှင့် MSS (Myanmar Selection System) ကို အသုံးပြုခြင်းကြောင့် အခြေခံနည်းစနစ်များမှာ ပတ်ဝန်းကျင်ကို ထိခိုက်မှုသက်သာစေပါသည်။

မြန်မာ့ရွေးချယ်နည်းစနစ် MSS အရ ဆင်ဖြင့်ငုတ်ထုတ်ခြင်း၊ ရေမျှော၍သစ်များ ပို့ဆောင်ခြင်း၊ သင်းသတ်ခြင်းစသော လုပ်ငန်းစဉ်များသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပါးစေသော အလုပ်များဖြစ်ပါသည်။ ခေတ်ကာလအလျောက် သစ်တန်ပမာဏပိုမိုထွက်ရှိ၍ နိုင်ငံစီးပွားရေးကို တိုးတက်စေရန် ဆောင်ရွက်သောအခါတွင် ယာဉ်/ယန္တရားအစရှိသော စက် ပစ္စည်းများကို တိုးချဲ့သုံးစွဲလာရသောကြောင့် သဘာဝရေ၊ မြေကို ထိခိုက်မှုနည်းပါးစေရန် စည်းမျဉ်း /စည်းကမ်းများချမှတ်၍ သစ်ထုတ်လုပ်ကိုင်လာကြပါသည်။ သစ်ထုတ်ရေးဌာန အနေ ဖြင့် အဆိုပါ စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျလိုက်နာရန် သင်တန်းများပို့ချခြင်း၊ လက်တွေ့လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို သက်သာစေသော နည်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ RIL ၏ နည်းစနစ်များကို ၂၀၀၀ပြည့်နှစ် ကစတင်၍ဆောင်ရွက်လာခဲ့ရာ ယခု(၅)နှစ်တာကာလအတွင်း ပိုမိုအလေးထား ဆောင်ရွက်ခဲ့ပါသည်။

သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းလုပ်ငန်း (Enrichment Planning)

မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနသည် သစ်တောစီမံအုပ်ချုပ်မှုစနစ်အရ သဘာဝ တောများမှ ကျွန်း/သစ်မာများ ခုတ်လှဲထုတ်လုပ်ရာတွင် သဘာဝ တောများ အရည်အသွေး၊ အဆင့်အတန်းမကျစေရေးကို အထူးအလေးထားဆောင်ရွက်ပါသည်။ ထို့ကြောင့် ခုတ်လှဲထုတ် လုပ်ပြီးနောက် ကွက်လပ်ဖြစ်နေသော အလင်းပွင့်နေရာများတွင် အဖိုးတန်ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်စသောသစ်မျိုးများကို ပြန်လည်စိုက်ပျိုးပေးပါသည်။ ထို့အတွက် သစ်ထုတ်လုပ်ငန်း ဆောင် ရွက်သော သက်ဆိုင်ရာ သစ်ထုတ်ရေးခရိုင်/ဒေသများတွင် စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြပါသည်။ ထိုသို့ခုတ်လှဲမျိုးဆက်သော စီမံချက် (Felling Cum Regeneration Plan)သည် သစ်တောစီမံအုပ်ချုပ်မှု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါ သည်။ သစ်ထုတ်ရေးဌာနသည် နှစ်စဉ်သစ် ထုတ်ခဲ့သည့် သစ်ကွက်များအတွင်း အလင်းပွင့်ကွက်လပ် ဖြစ်ပေါ်ခဲ့သောနေရာများတွင် သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်းအား သစ်တော ဦးစီးဌာန၊ သစ်ထုတ်ရေးဌာနနှင့် ကုမ္ပဏီများမှဝန်ထမ်းများ ပူးပေါင်း၍ တာဝန်တစ်ရပ် အနေဖြင့် နှစ်စဉ်ကြိုးစားလုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ရေးဆောင်ရွက်ချက်များ

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ထွက်ရှိလာသည့်သစ် ကုန်ထုတ်ပစ္စည်းများအား စျေးကွက် ပိုမိုခိုင်မာသည့်၊ အစိမ်းရောင်စီးပွားရေး (Green Economy)ကို လိုလားသည့်၊ ရေရှည်တည်တံ့ သော သစ်တောစီမံအုပ်ချုပ်မှု (SFM)မှ ထွက်ရှိသည့်သစ်ကို လိုလားသည့်စျေးကွက်များသို့ ထိုးဖောက် ဝင်ရောက်နိုင်ရေး အတွက် သစ်တော စီမံအုပ်ချုပ်မှုနယ် (FMU – Forest Management Unit)တစ်ခုချင်းစီ၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော “Timber Certification” သစ်ထောက်ခံချက် လုပ်ငန်းစဉ်တွင်သော် လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံး အတိုင်းအတာဖြင့် တရားမဝင်သစ်ရောင်းဝယ် ဖောက်ကားမှုကို တိုက်ဖျက်သည့် “(FLEGT VPA – Forest Law Enforcement, Governance & Trade Voluntary Partnership Agreenment)” မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အကြား “သစ်တောဥပဒေစိုးမိုးမှု အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ်ဆန္ဒအလျောက် သဘောတူညီမှုချမှတ်ရေး လုပ်ငန်းစဉ် “FLEGT VPA” အား မြန်မာနိုင်ငံ၌စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

သစ်ထုတ်ရေးဌာနအနေဖြင့်လည်း အဆိုပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် FLEGT VPA ဆိုင်ရာ ပညာပေးမှုများ၊ တရားဝင် သစ်ဆိုင်ရာ အဓိပ္ပါယ်သတ်မှတ်မှု များနှင့်ပတ်သက်၍ သစ်တောနှင့် ဆက်စပ်ပတ်သက်သော အစိုးရဌာနများ ပုဂ္ဂလိက လုပ်ငန်း ရှင်များနှင့်အရပ်ဖက်လူ့ အဖွဲ့ အစည်းများအကြား ညှိနှိုင်းဆွေးနွေးခြင်း၊ အမြင်ဖွင့်သင်တန်းများပေးခြင်း ဆောင်ရွက်ရမည်ဖြစ်ရာ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့သစ်လုပ်ငန်းအနေ ဖြင့် လုပ်ငန်းအတွေ့အကြုံရှိပြီး ဆွေးနွေးနိုင်သောဌာနဆိုင်ရာ ကိုယ်စားလှယ်များပါတင်သည့် “FLEGT VPA Working Group” များ ဖွဲ့စည်းပြီးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်။

သစ်ထုတ်ရေးဌာန၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ

(က)   (၅) နှစ်တာ ကာလအတွင်း ဖွဲ့စည်းပုံပြောင်းလဲခြင်း။      ၂၀၁၁ခုနှစ်၊ စက်တင်ဘာ လမှစ၍ သစ်တောရေးရာဝန်ကြီးဌာနအမည်ပြောင်းလဲ၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအမည် ပြောင်းလဲ၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လာသည့်အတွက် သစ်ထုတ်လုပ်ငန်း များကိုလျှော့ချရန် စီစဉ်ဆောင်ရွက်လာခဲ့ပါသည်။ နိုင်ငံတော်၏ မူဝါဒနှင့်ဝန်ကြီး ဌာန၏မူဝါဒပြောင်းလဲ လာသည်နှင့် အမျှ သစ်ထုတ်ရေး ဌာနတွင်လည်း သစ်ထုတ်လုပ်မှုပမာဏ လျှော့ချထုတ်လုပ်ခဲ့သဖြင့် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိ သည့်  သစ်ထုတ်ရေးဒေသအချို့ကို ပိတ်သိမ်းပြီး သစ်ထုတ်ရေးနယ်အဖြစ်  အဆင့်လျှော့ချ၍ နီးစပ်ရာ သစ်ထုတ်ရေးဒေသများသို့ ဘဏ္ဍာရေးနှစ်အလိုက် အောက်ပါအတိုင်း သိမ်းသွင်းခဲ့ပါသည် –

(၁)     ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်။                  ရှမ်းပြည်နယ်(အရှေ့) ပြည်နယ်ရုံးအား လုပ်ငန်းပမာဏလျှော့ချ ဆောင်ရွက်သည့်အတွက် ကျိုင်းတုံသစ်ထုတ်ရေး ဒေသအဆင့်သို့ လျှော့ချဆောင်ရွက်ခြင်း။

(၂)     ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်။                   ပဲခူးတိုင်းဒေသကြီး( အရှေ့ )လမ်းဌာန အား လုပ်ငန်းဆောင်ရွက်ခြင်း မပြုတော့သဖြင့် ပိတ်သိမ်းပြီး ဝန်ထမ်းများ နှင့် ပုံသေပိုင်ပစ္စည်းများအား တိုင်းအတွင်း ဒေသအသီးသီးသို့ ပြောင်းရွှေ့ တာဝန်ချထားပေးခြင်း၊ စာရင်းနှင့်အတူ စနစ်တကျ လွှဲအပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ခြင်း။

(၃)     ၂၀၁၄-၂၀၁၅၆ ဘဏ္ဍာနှစ်

(ကက) ပခုက္ကူသစ်ထုတ်ရေးဒေသအား ပိတ်သိမ်းပြီး၊ ဂန့်ဂေါဒေသ လက်အောက်သို့ သိမ်းသွင်းဖွဲ့စည်းခြင်း။

(ခခ)    ကျိုင်းတုံသစ်ထုတ်ရေးဒေသအား ပိတ်သိမ်းပြီးလွိုင်လင်သစ်ထုတ် ရေးဒေသ လက်အောက်သို့ သိမ်းသွင်းဖွဲ့စည်းခြင်း။

(ဂဂ)    လားရှိုးသစ်ထုတ်ရေးဒေသအား ပိတ်သိမ်းပြီး၊ ရှမ်းပြည်နယ် (မြောက်)ပြည်နယ်ရုံး လက်အောက်သို့ သိမ်းသွင်းဖွဲ့စည်းခြင်း။

(၄)     ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်

(ကက) စစ်တောင်းဖောင်ဖွဲ့ရေးဒေသအား ပိတ်သိမ်းပြီး၊ ပဲခူး(မြောက်)သစ်ထုတ်ရေးဒေသ လက်အောက်သို့ သိမ်းသွင်းဖွဲ့စည်းခြင်း။

(ခခ)    ဧရာဝတီဖောင်ဖွဲ့ရေးဒေသအား ပိတ်သိမ်းပြီး၊ ပြည်သစ်ထုတ်ရေး  ဒေသလက်အောက်သို့ သိမ်းသွင်းဖွဲ့စည်းခြင်း။

(ဂဂ)    ပုသိမ်(အနောက်)သစ်ထုတ်ရေးဒေသအားပိတ်သိမ်းပြီး၊ရခိုင်ပြည်နယ်သံတွဲသစ်ထုတ်ရေးဒေသလက်အောက်သို့ သိမ်းသွင်း

ဖွဲ့စည်းခြင်း။

(ဃဃ) နေပြည်တော်( မြောက် ) သစ်ထုတ်ရေးဒေသအား ပိတ်သိမ်းပြီး   ပြင်ဦးလွင် သစ်ထုတ်ရေးဒေသ နှင့် နေပြည်တော်( တောင် ) သစ်ထုတ်ရေးဒေသတို့

လက်အောက်သို့သိမ်းသွင်း ဖွဲ့စည်းခြင်း။

(၅)    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်

(ကက)        သစ်ထုတ်လုပ်ငန်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်(၁)နှစ်ရပ်နားထားရှိပြီး မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၏ဖွဲ့စည်း

ပုံများအား ပြန်လည်ပြင်ဆင် ရေးဆွဲရေးကိစ္စရပ်များ ဆောင်ရွက်လျက်ရှိပါသည်။

(ခ)    သစ်ထုတ်တန်ပမာဏလျှော့ချခြင်း

(၁)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကမ္ဘာနှင့်အဝှမ်း အလေးထားလာကြရာသဘာဝ သစ်တော သယံဇာတများကို အကျိုးရှိရှိ အသုံးချနိုင်ရန် သစ်

ကုန်ကြမ်းကိုသာပြည်ပသို့ အလုံးလိုက် ရောင်းချမည့်အစား ပြည်တွင်းရှိသစ် အခြေခံစက်မှု လုပ်ငန်းကဏ္ဍကို ပိုမိုဖွံ့ဖြိုး၍ တန်ဖိုးမြင့်သစ်အချော ထည် ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့ကို ဦးတည်ချက်ထား၍ ဆောင်ရွက်ရန် ရည်ရွယ် ချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းခြင်း(Log Export Ban-LEB) ကို အကောင်အထည် ဖော်ခဲ့ပါသည်။

(၂)     ထို့အပြင် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသည့် AAC ဘောင်အတွင်း ရောက်အောင် သစ်ထုတ်လုပ်မှုကို ယခင်ကာလများထက် များစွာလျှော့ချခဲ့ ရာ ယခု(၅) နှစ်တာကာလအတွင်းဖြစ်သော ၂၀၁၄-၂၀၁၅ မှစ၍ AAC ပမာဏ အောက်လျှော့ချပြီး ကျွန်းတန်(၆၀၀၀၀)၊ သစ်မာတန်ချိန် (၆၇၀၀၀၀) သာ ထုတ်လုပ်ရန် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။

(၃)     သစ်ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနမှ သတ်မှတ်ထား သည့် နှစ်စဉ်တောထွက်ပမာဏ AAC အရ သစ်ထုတ်လုပ်ငန်းစီမံချက် ပြန်လည်ရေးဆွဲ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သစ်ထုတ်တန် ပမာဏကိုသတ်မှတ်ပြီး လုပ်ငန်းလျာထားချက် ပြည့်မီအောင်ဆောင်ရွက် ရာတွင် ယခင်ကလျာထားချက် ဝင်ငွေပြည့်မီရေးကို ဦးစားပေးခဲ့ရသော်လည်း ယခုအခါ သစ်တောအပေါ်မှီခိုမှုကို လျှော့ချလာသဖြင့် (၂၀၁၄-၂၀၁၅)ခုနှစ်မှစတင်၍ AAC ဘောင်အတွင်း မှ လိုက်နာဆောင်ရွက်လာ နိုင်ခဲ့ပါသည်။ ၅ နှစ်တာကာလအတွင်း AAC သတ်မှတ်ချက်နှင့်သစ်ထုတ်ရန်လျာထားချက်နှိုင်းယှဉ်ဇယားအားအောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

 

သစ်တောဦးစီးဌာနမှသတ်မှတ်သည့် နှစ်စဉ်တောထွက်ပမာဏ ဇယား

စဉ် ခုနှစ် AAC(နှစ်စဉ်တောထွက်)
ကျွန်း သစ်မာ
ပင် တန် ပင် တန်
၂၀၁၁-၂၀၁၂ ၄၈၈၉၇ ၆၁၁၂၁ ၈၆၆၂၄၀ ၁၁၄၄၂၈၀
၂၀၁၂-၂၀၁၃ ၄၈၈၉၇ ၆၁၁၂၁ ၈၆၆၂၄၀ ၁၁၄၄၂၈၀
၂၀၁၃-၂၀၁၄ ၄၈၈၉၇ ၆၁၁၂၁ ၈၆၆၂၄၀ ၁၁၄၄၂၈၀
၂၀၁၄-၂၀၁၅ ၄၈၈၉၇ ၆၁၁၂၁ ၈၆၆၂၄၀ ၁၁၄၄၂၈၀
၂၀၁၅-၂၀၁၆ ၄၈၈၉၇ ၆၁၁၂၁ ၈၆၆၂၄၀ ၁၁၄၄၂၈၀

 

၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်ထိ

ကျွန်း/သစ်မာစာရင်း လျာထားချက်(National Plan)

စဉ် ခုနှစ် လျာထားချက်(National Plan)တန်
ကျွန်း သစ်မာ
၁။ ၂၀၁၁-၂၀၁၂ ၂၀၀၀၀၀ ၁၂၀၀၀၀၀
၂။ ၂၀၁၂-၂၀၁၃ ၂၃၂၉၈၆ ၁၄၀၀၄၁၅
၃။ ၂၀၁၃-၂၀၁၄ ၂၀၀၀၀၀ ၁၂၀၀၀၀
၄။ ၂၀၁၄-၂၀၁၅ ၆၀၀၀၀ ၆၇၀၀၀၀
၅။ ၂၁၀၁၅-၂၀၁၆ ၆၀၀၀၀ ၆၇၀၀၀၀

အထက်ဖော်ပြပါ (၅)နှစ်တာကာလ၏ သစ်ထုတ်ရန်လျာထားချက်အပေါ်နှစ်အလိုက် စီမံကိန်းကျွန်း/သစ်မာ ထွက်သစ်စာရင်းများအား အောက်ပါ

အတိုင်း ဖော်ပြအပ်ပါသည် –

ခုနှစ်  ကျွန်းဆောင်ရွက်ချက်(တန်) သစ်မာဆောင်ရွက်ချက်(တန်) ပယ်ကျွန်းဆောင်ရွက်ချက်(တန်)
စီမံကိန်း အခြား(သစ် တော+စိုက် ပျိုးမြေ+စိုက် ခင်း+ရေဝပ်) စီမံကိန်း အခြား(သစ်

တော+ စိုက် ပျိုးမြေ+ စိုက် ခင်း+ရေဝပ်)

စီမံကိန်း အခြား(သစ်

တေါ+ စိုက်ပျိုး မြေ+စိုက်ခင်း+ ရေဝပ်

လျာထား ဆောင်ရွက် လျာထား ဆောင်ရွက် လျာ

ထား

ဆောင်ရွက်
၂၀၁၁-၂၀၁၂ ၃၇၁၀၀၀ ၂၄၆၇၅၅.၁၈၂ ၂၆၇၄၈.၆၆၆ ၁၇၈၉၄၀၀ ၁၆၃၆၁၅၅.၅၉၀ ၅၂၈၄၈.၆၃၂ ၃၇၁၀၀ ၁၉၄၄၄.၀၈၉ ၁၀၈၆၀.၂၁၈
၂၀၁၂-၂၀၁၃ ၂၆၉၈၀၀ ၂၄၇၉၈၉.၀၅၄ ၂၇၂၈၉.၄၁၈ ၁၃၉၁၆၀၀ ၁၆၄၂၂၃၅.၅၂၇ ၇၄၀၂၄.၈၂၀ ၂၆၉၈၀ ၁၈၁၃၇.၄၃၀ ၉၉၈၇.၅၁၀
၂၀၁၃-၂၀၁၄ ၁၈၆၆၅၀ ၁၅၁၁၀၁.၈၂၀ ၂၈၉၈၇.၂၄၈ ၇၈၇၆၀၀ ၈၀၀၀၂၈.၁၉၆ ၆၅၉၉၃.၉၈၀ ၁၈၆၆၅ ၆၉၉၅.၈၃၆ ၁၁၂၈၂.၀၉၆
၂၀၁၄-၂၀၁၅ ၆၀၀၀၀ ၄၄၃၆၁.၇၈၈ ၃၀၇၃၂.၉၃၄ ၆၇၀၀၀၀ ၆၂၇၆၅၂.၅၁၈ ၇၈၇၅၅.၁၉၆ ၆၀၀၀ ၂၀၉၉.၂၄၀ ၂၉၆၉.၁၀၈
၂၀၁၅-၂၀၁၆

(ဆောင်ရွက်ဆဲ)

၆၀၀၀၀ ၁၈၂၅၈.၀၄၆ ၈၇၃၇.၉၈၆ ၆၇၀၀၀၀ ၂၇၇၄၂.၀၂၆ ၂၈၇၁၁.၀၆၈ ၆၀၀၀ ၃၃၀.၅၈၆ ၃၆၅၅.၂၈၆

 

(ဂ)   ယာဉ်/ယန္တရားများကဏ္ဍ

သစ်ထုတ်ရေးဌာနသည် နှစ်စဉ်သတ်မှတ်ထားသော ကျွန်း/သစ်မာထုတ်လုပ်ရန် စီမံချက်အား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဌာနရှိ အင်အား(ဆင်၊ ယာဉ်/ ယန္တရား)များဖြင့် ဦးစားပေးဆောင်ရွက်ပြီး ယင်းထက် ကျော်လွန်သော သစ်တန်ပမာဏကိုသာလျှင် အငှား AD/AE အဖွဲ့များနှင့် စာချုပ် ချုပ်ဆိုဆောင်ရွက်ခြင်း ဖြစ်ပါသည်။

သဘာဝခရီးသွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း

မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းအား (၁၀)နှစ်ရပ်နားထားရန် စီစဉ်လျက်ရှိသည်ဖြစ်ရာ သစ်ထုတ်ရေးဌာနအနေဖြင့် သစ်ထုတ်လုပ်ငန်း ဆောင်ရွက်ခြင်းအစား ပဲခူးတိုင်းဒေသကြီး အတွင်းစီးပွားဖြစ် သစ်တောစိုက်ခင်းများ ထူထောင်ရန်နှင့်တဖက်တွင်လည်း သစ်ထုတ်ရေး ဌာန၏ အဖိုးတန်ရတနာများဖြစ်သော ဌာနဆင်များဖြင့် ဆင်ထိန်းသိမ်းပြသရေးစခန်းများ ဖွင့်လှစ်၍ သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

 

(က)   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်ထုတ်ရေးဒေသများ ဆင်ထိန်းသိမ်းပြသရေး စခန်းများနှင့် ဆင်ဆေးရုံ

               

စဉ် စခန်းအမည် တည်နေရာ
ဖိုးကျားစခန်း

တောင်ငူ(မြောက်)သစ်ထုတ်ရေးဒေသ၊

သာဂရ-ကိုးပင် ပဲခူးရိုးမလမ်း

မြိုင်ဟေဝန်ဆင်စခန်း

 သာယာဝတီသစ်ထုတ်ရေးဒေသ

ရန်ကုန်တိုင်း/တိုက်ကြီးမြို့နယ်၊ ဥက္ကံကြိုးဝိုင်း

ဝင်္ဂဘော်ဆင်စခန်း  ပဲခူး(တောင်)သစ်ထုတ်ရေးဒေသ      ဘုရားကြီးမြို့ဘောနတ်ကြီးလမ်း၊      ဝင်္ဂဘော်ကျေးရွာအုပ်စု
မှော်ယောကြီးဆင်

စခန်း

 ပဲခူး(မြောက်)သစ်ထုတ်ရေးဒေသ၊ကျောက်တံခါးမြို့နယ်၊ အိုင်ဒုံကြိုးဝိုင်းအကွက် အမှတ်(၁၃)

ဆင်ဆေးရုံ   တောင်ငူ(တောင်)သစ်ထုတ်ရေးဒေသ       ခပေါင်းကြိုးပြင်ကာကွယ်တော၊     ဘုန်းတောင်ကြိုးဝိုင်း

 

(၁)     ဖိုးကျားဆင်စခန်း

ဖိုးကျားဆင်စခန်းအား ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ Asia Green Co: သို့ ငှားရမ်းခဲ့ရာမှ ၁.၇.၂၀၁၄ တွင်ရပ်နားခဲ့ပြီး ယခုအခါ မြန်မာ့သစ်လုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူ(မြောက်)သစ်ထုတ်ရေးဒေသမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။  ရန်ကုန်မြို့မှ နေပြည်တော်သို့သွားသည့် အမြန် လမ်းမကြီး ၏ မိုင်တိုင်အမှတ်(၁၇၄)၊ သာဂရမြို့ လမ်းခွဲမှအမြန်လမ်း၏ လက်ဝဲဘက်သို့ ချိုးကွေ့၍ (၆)မိုင်ခန့်တွင်ရှိပါသည်။ သာဂရမြို့ မှ ကိုးပင်အထိ သွားသည့် ပဲခူးရိုးမဖြတ်လမ်းကြားတွင် ရှိပါသည်။ အဆိုပါလမ်းအား ၂၇-၃-၂၀၀၁ တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၀-၄-၂၀၀၁ တွင် လမ်းကြမ်းဖောက်လုပ် ပြီးစီးခဲ့ပါသည်။ စစ်ကြိုခေတ် ( ၁ လက်မ- ၁မိုင် )စကေး ပြ ကွန်တိုမြေပုံတွင် ဖိုးကျား သစ်တော ဗိုလ်တဲ (POKYAR FR.H)ဟု ရည်ညှန်းဖော်ပြထား၍ ၁၉၈၉ ခုနှစ်တွင် ဤဧရိယာတစ်ဝိုက် တွင် ကျွန်းစိုက်ခင်းများ တည်ထောင်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် သစ်လုပ်ငန်းစီမံကိန်း (၂)ကမ္ဘာ့ (ဘဏ်) စီမံကိန်းကာလအတွင်း သာဂရမှ ဖိုးကျားအထိ ရာသီမရွေးသွားလာနိုင်သော ကျောက်ကြမ်းလမ်းကို စတင်ဖောက်လုပ်ခဲ့ပါသည်။ သိုင်းချောင်းသည် စခန်း အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဍာန်အတိုင်း ကွေးပတ်၍ အနောက်မြောက်မှ အရှေ့တောင်ဖက်သို့ စီးဆင်းပါသည်။ ဖိုးကျားစခန်းတွင် လာရောက်လည်ပတ်သူ များအား ဖျော်ဖြေရန် ဆင်(၇)ကောင်ထားရှိပြီး၊ ဆင်များရေချိုးခြင်း၊ ဆင် ‘က’ နှင့် သစ်ဆွဲကရိယာများ တပ်ဆင်ခင်းအား လော့လာခြင်း၊ ဆင်စီး၍တောတွင်း လှည့်လည်ခြင်း၊ သရုပ်ပြဆင်(၇)ကောင်၏ ဘောလုံးကန်ခြင်းအပါအဝင် အလှပြ ကကွက်များဖြင့် ဖော်ပြခြင်းများကိုလည်း လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပါသည်

 

(၂)     မြိုင်ဟေဝန်ဆင်စခန်း

ရန်ကုန်တိုင်း/ တိုက်ကြီးမြို့နယ်  ဥက္ကံကြိုးဝိုင်းတွင် တည်ရှိ၍ ဖလုံကျေးရွာမှ ၁၂မိုင်၊ ရန်ကုန်မြို့မှ ၇၂ မိုင်ကွာဝေးသည်။ စခန်း ဧရိယာအကျယ်အဝန်း (၁၀.၀)ဧက ဖြစ်၍ ခရုချောင်းအနီးတွင် တည်ရှိ သည်။ စခန်းအား ၁၉၉၂ – ၁၉၉၃ ဘဏ္ဍာနှစ်မှ စတင်၍တည်ဆောက်ခဲ့ပြီး၊ အမိမဲ့ဆင်ကလေးများ ထိန်းသိမ်းပြုစုခြင်း၊ မကျန်းမာ သောဆင်များအား ကုသခြင်း၊ တောဆင်ရိုင်း ဖမ်းဆီးလေ့ကျင့်ခြင်းနှင့်ဆင် သုတေသနလုပ်ငန်းစသည်များကို ဆောင်ရွက် လျက်ရှိပြီး သဘာဝကို အခြေခံ သောခရီးသွားလုပ်ငန်း (Ecotourism) အတွက် ရည်ရွယ်ကာ တည်ဆောက်ခြင်းဖြစ်ပါသည်။ ဆင် စခန်းသို့ရန်ကုန်မှ ဖလုံတာဆုံ ၆၀ မိုင် (ကတ္တရာလမ်း)၊  ဖလုံတာဆုံမှ မြိုင်ဟေဝန်သို့ ၁၂ မိုင် တောတွင်းလမ်းဖြစ်ပါသည်။ သာယာဝတီ သစ်ထုတ်ရေးဒေသမှသွားရောက်ပါက  ဖလုံတာဆုံသို့  ကတ္တရာလမ်း ( ၁၈ ) မိုင် ရှိပါသည်။  အဆိုပါ ဆင်စခန်းအား ၁၅-၅-၂၀၁၂ နေ့တွင် Asia Green Co; မှ ဌာနသို့ပြန်လည်အပ်နှံခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီ သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။

(၃)     ဝင်္ဂဘော်ဆင်စခန်း

ဝင်္ဂဘော်ဆင်စခန်းအား ပဲခူး(တောင်) သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး( အရှေ့ ) ဘုရားကြီးမြို့ဝင်္ဂဘော်ကျေး ရွာအုပ်စု၊ ဘောနတ်ကြီးလမ်းပေါ်တွင်တည်ရှိပါသည်။ မြေဧက(၈၆.၀၁)ဧကကျယ်ဝန်းပြီး ၂၀၁၃ ခုနှစ်မှစတင်၍ ဆင်ထိန်းသိမ်းပြသရေးစခန်းအဖြစ် ထူထောင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ ဆင်ထိန်းသိမ်းပြသရေးစခန်းတွင် သရုပ်ပြဆင်(၃)ကောင်ဖြင့်စတင် လေ့ကျင့်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအား ဆင်များ၏သဘာဝဓလေ့ စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။ ဆင်စခန်းအတွင်း ဆင်များ၏ တောသဘာဝနှင့် လိုက်လျော ညီထွေမှုရှိစေရန်၊ သစ်ပင်ကြီးများစိုက်ပျိုးခြင်း၊ သဘာဝ ဆင်စာပင်နှင့် ပြည်ပ နိုင်ငံမှတင်သွင်းသည့် နေဗီယာမြက်များစိုက်ပျိုး လျက်ရှိပါသည်။ အနာဂတ်တွင် ဆင်ကောင်ရေထပ်မံတိုးချဲ့၍ ဆင်ထိန်းသိမ်းပြသရေးစခန်းကြီးအဖြစ် ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၄)     မှော်ယောကြီးဆင်စခန်း

မှော်ယောကြီးဆင်စခန်းအား ပဲခူး(မြောက်)သစ်ထုတ်ရေး ဒေသမှ တာဝန်ယူ ဆောင်ရွက်ရှိပြီး ၁၉၉၇-၉၈ ခုနှစ်များကပင် ဆင်စခန်းအား စတင်ထားရှိပါသည်။ မှော်ယောကြီးဆင်စခန်းသည် ကျောက်တံခါးမြို့နယ် အိုင်ဒုံကြိုးဝိုင်း အကွက် အမှတ်(၁၃)၊ မှော်ယောကြီးချောင်းနှင့် မှော်ယောလေးချောင်းကြားတွင် တည်ရှိပါ သည်။ ရန်ကုန် မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၀၅)မိုင် (၄)ဖာလုံမှ ဝင်ရောက်ရမည်ဖြစ်ပြီး ပဲခူးရိုးမမှ တောင်ခြေသို့(၁)မိုင်ခန့် ကွာဝေးပါသည်။ အမြန်လမ်း(၁၁၅)မိုင်နားနေစခန်းမှ (၁၀)မိုင်ခန့်ကွာဝေးပြီး အချိန်(၁၅)မိနစ်ခန့် သွားရပါသည်။ ရန်ကုန်/မန္တလေးလမ်းဟောင်းမှလာမည်ဆိုပါက ညောင်ပင် သာမြို့မှ အမြန်လမ်း(၁၀၇)မိုင် (under pass) အတိုင်းလာရပါမည်။ မိုးတွင်းကာလတွင် (၁၅)မိနစ်ခန့်လမ်းလျှောက်ရမည်ဖြစ်ပြီး ပွင့်လင်းရာသီတွင်ဆင်စခန်း အရောက် ကားဖြင့်သွားရောက်နိုင်ပါသည်။ ဆင်စခန်း ဧရိယာမှာ(၂.၃၈)ဧက ကျယ်ဝန်းပြီး ဆင်ကောင်ရေ(၁၆)ကောင်ရှိပါသည်။ ခရီးသွား ဧည့်သည်များအား ဆင်များ၏ သဘာဝ ဓလေ့စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

(၅)    ဆင်ဆေးရုံ

တောင်ငူ(တောင်)သစ်ထုတ်ရေးဒေသ၊ ဆင်ဆေးရုံအား တောင်ငူခရိုင် အုတ်တွင်း မြို့နယ်၊ အုတ်တွင်းပေါက်ခေါင်းကားလမ်း၏ အရှေ့ဘက်ခပေါင်းကြိုးပြင် ကာကွယ်တောခုတ်ကွက်ကြီးအမှတ်(XVII)မှ ဧရိယာ(၆၁၇)ဧကနှင့် ဘုန်းတောင် ကြိုးဝိုင်းအကွက်အမှတ်(၃၃ မှ ၄၀၊ ၄၂၊ ၄၇) ဧရိယာ(၄၄၂၄)ဧက၊ စုစုပေါင်း (၅၀၄၁)ဧကအား သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြ၍ တည်ဆောက် ထားပါသည်။ ဆင်ဆေးရုံသည် တောင်ငူမြို့မှ(၃၆)မိုင်၊ အုတ်တွင်းမြို့မှ(၂၆)မိုင် ကွာဝေးပြီး၊ အုတ်တွင်းပေါက်ခေါင်း မဟာဗျူဟာလမ်းဘေး မိုင်တိုင်အမှတ် (၉၉/၆)မှ အတွင်းသို့(၃)မိုင်ခန့်သွားရောက်ရပါသည်။ ဆင်ဆေးရု့အား အထွေထွေ (မန်နေဂျာ) သစ်ထုတ်ရေးရုံးချုပ်၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင်စတင် ဆောက်လုပ်ခဲ့ပါသည်။ ဆင်ဆေးရုံတွင် ပင်မဆေးကုသဆောင်(၁)ခု၊ အရန်ဆင် ဆေးကုသဆောင်(၁)ခု၊ ဆင်စခန်းရိပ်သာ(၁)ခု၊ ဆင်ဝန်ထမ်းနေအိမ်(၃၀)လုံး ဆောက်လုပ်ပြီးဖြစ်ပါသည်။ ဆင်ဆေးရုံအနီးတဝိုက်နှင့်ပတ်ဝန်းကျင် တွင် ဆင် နာရုံဆင်ဝိုင်း(၁)၊ ဝန်တင်ဆင်ဝိုင်း(၂)ဝိုင်းရှိပြီး ရေ/မီးအတွက် အဝီစိတွင်း (၃)တွင်း၊ ရေကန်ကြီး(၁)ကန်၊ ရေကန်အသေး(၄)ကန်ရှိပြီး ဆင်ဝန်ထမ်း အိမ်များ ဆိုလာ စနစ်ဖြင့် မီးပေးထားပါသည်။ ထို့အပြင် ဆင်ဆေးရုံချောင်း တစ်ဘက် ကမ်း၌ဆင်နားနေဆောင်(၂)ဆောင်နှင့် ဆင်ဆေးရုံစာသင်ကျောင်း (၁)ကျောင်းကို ဆောက်လုပ်ပြီးဖြစ်ပါသည်။ ဆင်ဆေးရုံ ဧရိယာအတွင်း ကျွန်းနှင့်အရိပ်ရ သစ်ပင်များ၊ နေဗီယာမြက် စိုက်ပျိုးခြင်းများ အပါအဝင် ဆင်ဆေး ကုသခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။