Home / သစ်တောဦးစီးဌာန

သစ်တောဦးစီးဌာန

index2

ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ နောက်ခံသမိုင်းနှင့် ဥပဒေ၊ နည်းဥပဒေများ

နိဒါန်း

ပဲခူးတိုင်းဒေသကြီးသည် မြောက်လတ္တီကျု ၁၆ံ ၄၅’ နှင့် ၁၉ံ ၃၀’ အကြားနှင့် အရှေ့ လောင်ဂျီကျု ၉၄ံ၃၀’ နှင့် ၉၇ံ၁၅’ အကြားတွင်တည်ရှိပြီး၊ ဧရိယာ (၉၇၃၇၀၄၀)ဧက ကျယ်ဝန်းပါသည်။ ပဲခူးတိုင်းဒေသကြီး၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ အများအားဖြင့် မြေပြန့်လွင်ပြင်များဖြစ်ပြီး၊ မြန်မာပြည်၏ အထင်ကရ ပဲခူးရိုးမတောင်တန်းကြီးတည်ရှိပါသည်။ ပဲခူတိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာန ကို ခရိုင် (၄)ခရိုင်၊ (က)အဆင့် (၁၉)မြို့နယ်၊ (ခ)အဆင့် (၅)မြို့နယ် နှင့် တွဲဘက် (၄)မြို့နယ် စုစုပေါင်း (၂၈)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပြီး၊ သဘာဝသစ်တောများ ရေရှည်တည်တံ့ရေးနှင့် သစ်တော ထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူနိုင်ရေးအတွက် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ ကို စနစ်တကျ စီမံချက် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

သစ်တောဦးစီးဌာန၏ နောက်ခံသမိုင်း

မြန်မာနိုင်ငံသစ်တောဌာနကို ဗြိတိသျှကိုလိုနီခေတ် ၁၈၅၆ ခုနှစ်ခန့်က ဖွဲ့စည်း တည်ထောင်ခဲ့ပြီး၊ သိပ္ပံနည်းကျသစ်တောအုပ်ချုပ်မှုစနစ်ကိုလည်း ထိုကာလကပင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၈၅၆ ခုနှစ်တွင် ပဲခူးရိုးမသစ်တောအား တာဝန်ခံကွပ်ကဲ အုပ်ချုပ်ရန် ဒေါက်တာ ဒီထရစ်ခ်ဘရန်းဒစ်ခ်ကို ခန့်အပ်တာဝန်ပေးခဲ့ပြီး၊ ယင်းပုဂ္ဂိုလ်မှာ မြန်မာ့သစ်တောများအား သိပ္ပံနည်း ကျပြီး စနစ်ကျသော အုပ်ချုပ်လုပ်ကိုင်မှု စနစ်အား ကနဦး ဖော်ထုတ်ခဲ့ပါသည်။

မြန်မာနိုင်ငံသစ်တောများ ပေါက်ရောက်မှုနှင့် ကိုက်ညီသော သစ်တောများ ထာဝစဉ် တည်တံ့စေသော အုပ်ချုပ်လုပ်ကိုင်မှု အဆိုပါ လုပ်ငန်းစဉ်အား ကျင့်သုံးလျက်ရှိရာ နှစ်ပေါင်း(၁၅၀) တိုင်ခဲ့ပြီ ဖြစ်ပါသည်။ တော၏အရင်း (Capital)ကို မထိခိုက်ပဲ အတိုး (Incerment) ကိုသာ   ထုတ်ယူ သုံးစွဲသည့် ထာဝစဉ်ညီတောထွက်   (Sustained Yield) ကို ပေးစွမ်းသော သိပ္ပံနည်းကျ သစ်တော အုပ်ချုပ်လုပ်ကိုင်နည်းစနစ်ဖြစ်ပြီး၊ ယခင်က ပဲခူးရိုးမကျွန်းတောကို အဓိကထားပြီးအုပ်ချုပ်လုပ်ကိုင်ခဲ့ ခြင်းဖြစ်ပါသည်။ ယနေ့တိုင် လက်ခံကျင့်သုံးကာ Brandis Selection System မှ Myanmar Selection System အဖြစ် ပြောင်းလဲခေါ် ဝေါ်ခဲ့ပါသည်။ ၎င်းစနစ်အရမြေသည် သစ်ပင်များဖြင့် အဆက်မပြတ်ဖုံးလွှမ်း လျက်ရှိနေပြီး အသက်အတန်းအစားအမျိုးမျိုး၊ အရွယ်အတန်းအစား အမျိုးမျိုး နှင့် အပင်မျိုးစိတ်အမျိုးမျိုးတို့ ရောနှောပေါက်ရောက်နေမည်ဖြစ်သည်။

 

ဒေသဆိုင်ရာအချက်အလက်များ

အကြောင်းအရာ

အကျယ်အဝန်း

ပဲခူးတိုင်းဒေသကြီးဧရိယာအကျယ်အဝန်း

၉၇၃၇၀၃၀ ဧက

ကြိုးဝိုင်းတော        (၁၀၁)ခု

၃၀၆၁၉၃၉ ဧက

ကြိုးပြင်ကာကွယ်တော     (၈)ခု

၆၄၁၃၁၀ ဧက

သဘာဝထိန်းသိမ်းရေးနယ်မြေ    (၂)ခု

၂၆၈၅၃၈.၄၈ ဧက

သစ်တောနယ်မြေစုစုပေါင်း

၃၉၇၁၇၈၇.၄၈ ဧက

သစ်တောနယ်မြေအကျယ်အဝန်းရာခိုင်နှုန်း

၄၀.၇၉%

 

မူဝါဒ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များ

မြန်မာနိုင်ငံသစ်တောမူဝါဒကို ၁၉၉၅ ခုနှစ်တွင်  ထုတ်ပြန်ကြေငြာခဲ့ပါသည်။ သစ်တော မူဝါဒအနေဖြင့် ကျယ်ပြန့်သော အမျိုးသားရေးရည်မှန်းချက်များအား ပြည့်မီ ဖော်ဆောင် နိုင်ရန် အလို့ငှာ မလွဲမသွေဦးစားပေး ဖော်ဆောင်သွားရမည့် ပဓာနကျသော အောက်ဖော်ပြပါအချက် (၆) ချက်တို့ကို ဖော်ထုတ်ခဲ့ပါသည်။

 

      (က) ထိန်းသိမ်းကာကွယ်ခြင်း

        ရေ၊ မြေ၊ တောရိုင်းတိရိစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရမည်။

        (ခ) ထာဝစဉ်တည်တံ့စေခြင်း

        သစ်တောများမှရရှိနိုင်သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက်မပြတ် ခံစား နိုင်ကြစေရန်၊ သစ်တောသယံဇာတအရင်းအမြစ်များကို

ထာဝစဉ်တည်တံနေစေရေးအတွက် ထိန်းသိမ်း ရမည်။

        (ဂ) အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း

ပြည်သူလူထု၏ လောင်စာနေအိမ်အဆောက်အဦး၊ အစားအစာနှင့်အပန်းဖြေနားနေမှု အစရှိ သည့် အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်း

ပေးရမည်။

          (ဃ) စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း

သစ်တောသယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမူရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ

အပြည့်အဝအသုံးချရန် စီမံရမည်။

         (င) ပြည်သူတို့ကပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်း

သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်။

          (စ) ပြည်သူအတွင်း နိုးကြားထကြွသည့် အသိရှင်သန်နေခြင်း

နိုင်ငံတော်၏ လူမူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိက အခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိ

ရှင်သန်စေရန် လှုံ့ဆော်သွားရမည်။

ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အောက်ဖော်ပြပါ ဥပဒေများ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များ   ပြဌာန်းခဲ့ပါသည်။

(၁)  သစ်တောဥပဒေ (၁၉၉၂)

(၂)  သစ်တောနည်းဥပဒေ (၁၉၉၅)

(၃) တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းရေးဥပဒေ (၁၉၉၄)

(၄)  တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၀၂)

(၅)  ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (၁၉၉၅)

(၆) အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးရာမူဝါဒ (၁၉၉၄)

(၇)  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)

(၈)  ပတ်ဝန်းကျင်ထိန်း သိမ်းရေး နည်းဥပဒေ (၂၀၁၄)

 

သစ်တောဦးစီးဌာနမှ နှစ်တို/နှစ်ရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း

        (က) နှစ် (၃၀) အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း

သစ်တောဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ရန် အလို့ငှာ မြန်မာနိုင်ငံသစ်တောကဏ္ဍအတွက် ရေရှည်စီမံကိန်းတစ်ရပ် ရေးဆွဲဖော်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး သစ်တောကဏ္ဍ ပင်မစီမံကိန်းကို စီမံကိန်းသက်တမ်း နှစ်(၃၀)သတ်မှတ်၍ ရေးဆွဲခဲ့ပါသည်။စီမံကိန်းကာလမှာ၂၀၀၁-၂၀၀၂ခုနှစ် မှ ၂၀၃၀ -၂၀၃၁ခုနှစ်အထိ ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် သစ်တောကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ အကြောင်းကိစ္စရပ်များနှင့် နောင်တွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲအတားအဆီးများ နှင့် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ဖြည့်ဆည်းပေးမည့် ရေရှည်စီမံကိန်းတစ်ရပ် ဖြစ်ပါသည်။ သစ်တောကဏ္ဍပင်မ စီမံကိန်းကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အခါအားလျော်စွာ ပြည်လည် သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲရန် လိုအပ်ပါသည် ။

(ခ) သစ်တောကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘက်စုံစီမံကိန်း (နှစ် – ၂၀ စီမံကိန်း)

                သစ်တောသယံဇာတအရင်းအမြစ်များနှင့် သဘာဝဂေဟစနစ်များ ရေရှည်တည်တံ့စေ ရေးနှင့် နိုင်ငံနှင့်ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်ရန် ရည်ရွယ်၍ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဖြည့်စွက်ပြဌာန်းနိုင်ရန် ဆောင်ရွက်နေသည့် နည်းတူ အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Comprehensive Development Plan) တွင် ထည့်သွင်းရေးဆွဲနိုင်ရန်အတွက် သစ်တောကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ စီမံကိန်းကို နိုင်ငံတစ်ဝန်း ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆက်နွယ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ ဒေသခံပြည်သူများ၊ ပြည်တွင်း/ပြည်ပ တတ်သိနားလည်သည့် ပညာရှင်များအကြား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆွေးနွေးပွဲများနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ပြီး အများညီသဘော ရယူ၍ ရေရှည်မျှော်မှန်းလျက် ရေးဆွဲပြုစုထား ပါသည်။

သစ်တောကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘက်စုံစီမံကိန်းကို ရေးဆွဲရာတွင် သစ်တော ကဏ္ဍ၏ လက်ရှိအခြေအနေများ၊ သစ်တောကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများ၊ ကျော်လွှားဖြေရှင်းနိုင်မည့် အလားအလာနှင့် နည်းလမ်းများကို ခြုံငုံသုံးသပ် တင်ပြထားပြီး အကောင်အထည်ဖော်သွားမည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းနယ် ပယ်အလိုက် နှစ်စဉ်၊ ကာလတိုနှင့် ကာလရှည် လျာထားချက်များ၊ ဦးစားပေး အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ အသေးစိတ်ရေးဆွဲချမှတ်ထားပါသည်။ စီမံကိန်းကာလမှာ ၂၀၁၁-၂၀၁၂ ခုနှစ် မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ နှစ် (၂၀) ဖြစ်ပြီး၊ (၅)နှစ် တစ်ကြိမ် ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅- ၂၀၁၆ ခုနှစ်အထိ ပထမ(၅)နှစ် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်၍ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ ဒုတိယ (၅)နှစ် စီမံကိန်းအား ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။

        (ဂ) ခရိုင်သစ်တောအုပ်ချုပ်အုပ်ကိုင်မှုစီမံကိန်း (၁၀ နှစ်စီမံကိန်း)

                စနစ်တကျ ရေးဆွဲထားသော သစ်တောအုပ်ချုပ်မှု စီမံကိန်းများမရှိဘဲ  သစ်တောများ ကိုထာဝစဉ်တည်မြဲစေရန် အုပ်ချုပ်လုပ်ကိုင်နိုင်မည်မဟုတ်ပါ၍ ၁၈၅၆ခုနှစ် ကတည်းကပင် ပထမ ဦးဆုံး သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို ပဲခူးရိုးမကျွန်းတောများ အတွက် ရည်ရွယ်ကာ ရေးဆွဲ ခဲ့ပါသည်။ ၁၉၇၀ ခုနှစ်နောက်ပိုင်းတွင် အခြေအနေအရပ်ရပ်ကြောင့် ယင်းစီမံကိန်းများ ပြန်လည် ပြင်ဆင်ရေးဆွဲခြင်း မပြုနိုင်ခဲ့ပဲ ၁၉၉၆ ခုနှစ်မှသာ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ ပြန်လည်ရေးဆွဲနိုင်ခဲ့ပါသည်။

သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲ၍ အုပ်ချုပ်လုပ်ကိုင်ခြင်းမှာ အပြည် ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့် ပတ်သက်သော အဖွဲ့အစည်း (International Tropical Timber Organigation – ITTO)က သတ်မှတ်ထားသော ရည်မှန်းချက်အရ သစ်တောများကို ထာဝစဉ် တည်မြဲစေရန် အုပ်ချုပ်လုပ်ကိုင်ခြင်း (Sustainable Forest Management – SFM) ၏ စံချိန် စံညွှန်း(Indicator)တစ်ခုလည်းဖြစ်ပါသည်။ ၁၉၉၆ခုနှစ်တွင် အုပ်ချုပ်ရေးခရိုင်အားလုံး (၆၁-ခရိုင်) အတွက် ၁၉၉၆-၉၇ခုနှစ်မှ ၂၀၀၅-၂၀၀၆ခုနှစ်ထိ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု ပထမ (၁၀)နှစ် စီမံကိန်းပြန်လည်ရေးဆွဲခဲ့ပါသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ် အထိ ဒုတိယ(၁၀) နှစ်စီမံကိန်းများကို ခရိုင်(၆၃)ခရိုင်တွင် ရေးဆွဲခဲ့ပါသည်။ ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများကို (၁၀)နှစ်တစ်ကြိမ် ပြန်လည်ရေးဆွဲပြဌာန်းသည့်အပြင် စီမံကိန်းကြား ကာလအတွင်း ၂၀၁၀ခုနှစ်တွင် (၅)နှစ် တစ်ကြိမ် ပြန်လည်သုံးသပ်ရေးဆွဲခဲ့ပါသည်။၂၀၁၀ ခုနှစ် နောက်ပိုင်း နှစ်စဉ် အမှန် ဆောင်ရွက်ခဲ့သည့် သစ်တောလုပ်ငန်းများနှင့် ကိန်းဂဏန်းအချက်အလက်များအား ပုံမှန် ဖြည့်ဆည်းဆောင်ရွက်လျှက်ရှိပါသည်။ ယခင်ရေးဆွဲခဲ့သည့် ဒုတိယ(၁၀)နှစ် ခရိုင်အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း အချက်အလက်များအပေါ် အခြေခံကာ ၂၀၁၆- ၂၀၁၇ ခုနှစ်မှ ၂၀၂၅- ၂၀၂၆ ခုနှစ်အထိ တတိယ(၁၀)နှစ်စီမံကိန်းကို အသစ်ရေးဆွဲ၍ အုပ်ချုပ်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသ ကြီး အတွင်းရှိ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင် တို့အတွက် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ရေးဆွဲပြီးဖြစ်ပါသည်။ အဆိုပါစီမံကိန်းပေါ် အခြေခံ၍ action plan များ ရေးဆွဲကာ နှစ်စဉ်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 ပဲခူးတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ

 

                ၂၀၁၆-၂၀၁၇ ခုနှစ်၊  ဇူလိုင်လကုန်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက် လျက်ရှိသော သစ်တောပြုစုထိန်းသိမ်း ရေးလုပ်ငန်းများအား အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

 

စဉ်

သစ်တောလုပ်ငန်းအမျိုးအမည်

ရေတွက်ပုံ

လျာထား

ပြီးစီး

ရာခိုင်နှုန်း

ကျွန်းစိုပင်ထောင်ရိုက်မှတ်ခြင်း

ပင်

၃၅၆၄

သစ်မာပင်ထောင်ရိုက်မှတ်ခြင်း

ပင်

၃၃၉၂၈

သစ်တောစိုက်ခင်းတည်ထောင်ခြင်း

ဧက

၂၀၀၀

၂၀၀၀

၁၀၀

ဓမ္မတာမျိုးဆက်ခြင်း

ဧက

၁၆၉၇၀

အုပ်မိုးကာဆိုင်းခုတ်လှဲခြင်း

ဧက

၇၇၆

ပေါင်းသင်ရှင်းလင်းခြင်း

ဧက

၄၂၀၀

၅၀၂၀

၁၂၀

ပင်ကျပ်နှုတ်ခြင်း

ဧက

၂၂၀၀

နွယ်ဖြတ်ညောင်ပတ်လှဲခြင်း

ဧက

၃၈၀၃၁

သစ်တောလမ်းပြင်ဆင်ခြင်း

မိုင်

၂၁၀

၁၀

ကြိုးဝိုင်းနယ်နိမိတ်ပြင်ဆင်ခြင်း

မိုင်

၂၁၀

၁၁

အကွက်နယ်နိမိတ်ပြင်ဆင်ခြင်း

မိုင်

၂၁၀

၁၂

မီးကာကွယ်ခြင်း

ဧက

၁၂၀၀၀

၁၃

ကြိုးဝိုင်းတိုးချဲ့ဖွဲ့စည်းခြင်း

စ/မိုင်

၁၄

သဘာဝတောတန်ဘိုးမြှင့်စိုက်ပျိုးခြင်း

ဧက

၃၆၀၀

၃၆၀၀

၁၀၀

 

ဆောင်ရွက်လျက်ရှိသော အထူးလုပ်ငန်းများ

        (က)  ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးစီမံကိန်း

           ပဲခူးရိုးမသည် ကျွန်းကောင်းပေါက်ရောက်ရာနယ်မြေ (Home of Teak) အဖြစ် ကျော်ကြား ခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး စသည့် အဖိုးတန်သစ်မျိုးများ ပေါက်ရောက်၍ သစ်တောဖုံးလွှမ်းမှု အလွန်ကောင်းမွန်ခဲ့ပါသည်။ သို့ရာတွင် လူဦးရေတိုးတက်မှု ပဲခူးရိုးမသို့ သွားလာရန်လွယ်ကူမှု၊ တရားမဝင် သစ်ခိုးယူမှု များပြားလာမှုနှင့် လယ်ယာမြေဖော်ထုတ်ရန် ချဲ့ထွင်လာမှုတို့ကြောင့် ပဲခူးရိုးမတွင် သစ်တောသိသိသာသာ ပြုန်းတီးလာ၍ ပဲခူးရိုးမပြန်လည် စိမ်းလန်း စိုပြည်လာစေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေး လုပ်ငန်းစီမံကိန်းကို အကောင် အထည်ဖော်ခဲ့ရာ ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၀၈-၂၀၀၉ ခုနှစ် အထိ   ပထမ( ၅ )နှစ် စီမံကိန်း၊ ၂၀၀၉ – ၂၀၁၀  မှ  ၂၀၁၃-၂၀၁၄  ခုနှစ်အထိ  ဒုတိယ(၅)နှစ် စီမံကိန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ တတိယ(၅)နှစ် စီမံကိန်းအား ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။

        (ခ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ (CF) တည်ထောင်ထားရှိမှုအခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနအနေဖြင့် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော များအတွင်း တောနိမ့်တောပျက်များတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ပေးခဲ့ရာ ယနေ့ထိ သာမန် CF (၁၆၅၃.၉)ဧက၊ ကြိုးဝိုင်းကျုးကျော် (CF) (၅၃၂၁.၃၅) ဧက၊ စုစုပေါင်း (၆၉၇၅.၂၅)ဧက ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၆- ၂၀၁၇ ခုနှစ်အတွက် လည်း ကြိုးဝိုင်းကျူးကျော် CF (၁၄၅၅၃.၂၅)ဧက တည်ထောင်ရန် လျာထား ပြီး အမှန်ဆောင်ရွက်သည့် ဧကမှာ (၄၁၂၄.၉၈) ဧက ဖြစ်ပါသည်။

အောင်မြင်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (CF)များ တည်ထောင် နိုင်ပါက ဒေသခံပြည်သူများအနေဖြင့် သဘာဝတောအပေါ် မှီခိုမှုများ လျော့နည်းကာ ၎င်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

        (ဂ) ပဲခူးတိုင်းဒေသကြီး၊  ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း ကျုးကျော် အခြေချနေထိုင်သော အိမ်ခြေ(၅၀) အထက်/အောက်       

               ကျေးရွာများအတွက် သစ်တောမြေအဖြစ် မှ ပယ်ဖျက်ပေးမှုအခြေအနေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအတွင်း နှစ်ကာလအတန်ကြာ ကျူးကျော်အခြေချနေထိုင်လျက်ရှိသော ကျေးရွာများ တရားဝင်မြေပိုင်ဆိုင်ခွင့် ရရှိစေရေးအတွက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးကာ ဖြေလျှော့မှုများ ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပထမအဆင့်အနေဖြင့် အိမ်ခြေ(၅၀)နှင့်အထက် ပြည်ထဲရေး အမည်ပေါက်ကျေးရွာ (၆၄)ရွာအတွက် ရွာမြေ၊ လယ်မြေ၊ သာသနာ/ အများပိုင်မြေအဖြစ် အသုံးပြုရန် (၁၃၄၀၀.၃၄) ဧကအား ၂၀၁၃ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် အိမ်ခြေ(၅၀)အောက် ပြည်ထဲရေးအမည်ပေါက်နှင့် အခိုင်အမာကျေးရွာ (၁၃၅)ရွာ အတွက် (၅၄၇၉.၃၀၂) ဧကအား ၂၀၁၅ခုနှစ်တွင် လည်းကောင်း၊ တတိယအဆင့်အနေဖြင့် အိမ်ခြေ(၅၀) နှင့်အထက် ပြည်ထဲရေးအမည် မပေါက်ကျေးရွာ (၆၄)ရွာ အတွက် (၁၁၆၉၅.၇၅) ဧကအား ၂၀၁၅ခုနှစ်တွင် လည်းကောင်း၊ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါသည်။

 

          (ဃ) ကျေးလက်ဒေသဖွံဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းဆောင်ရွက်

                 ထားရှိမှု

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်နှင့်အညီ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ကျရေး ဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်း အကောင်အထည်ဖော်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်း ကော်မတီအား  တိုင်းဒေသကြီးသစ်တောနှင့်သတ္တုဝန်ကြီးဌာန၊ ဝန်ကြီးမှ ဥက္ကဌ၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် သော အဖွဲ့ဝင်(၁၀)ဦး ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆပ်ကော်မတီ ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း အကောင်အထည်ဖော် ရေးဆပ်ကော်မတီ၏ ၂၀၁၆-၂၀၁၇ခုနှစ်အတွင်း  လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁)  ဌာနပိုင်ကျွန်းစိုက်ခင်း (၂၀၀၀) ဧက၊ ပုဂ္ဂလိကစိုက်ခင်း (၁၃၄၇၇၈.၈၅) ဧက တည်ထောင် စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

(၂)  ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(၄၁၂၄.၉၈)ဧက ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ သည်။

(၃)  မိုးရာသီလူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်ခဲ့ရာ အရိပ်ရ ပင်မျိုးစုံ(၁၀၀၅၀၀)ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

(၄)  တစ်အိမ်ထောင်ကျွန်း(၃)ပင် စိုက်ပျိုးခြင်းအတွက် ကျွန်း(၉၇၂၀၃)ပင်၊ တစ်အိမ်ထောင် သစ်မာ(၂၀)ပင် စိုက်ပျိုးခြင်းအတွက် သစ်မာမျိုးစုံ

(၂၄၇၁၄၀) ပင်၊ တစ်ရွာ(၁) ဧက စိုက်ပျိုးခြင်းအတွက် ကျွန်းနှင့်သစ်မာမျိုးစုံ (၅၄၆၀၀)ပင် ဖြန့်ဝေခဲ့ပြီး ဖြစ်ပါသည်။

(၅)  ထင်း၊ မီးသွေးများ အလွန်အကျွံထုတ်ယူခြင်းမှ လျော့ချနိုင်ရေးအတွက် စွမ်းအားမြှင့် မီးဖို (၅၆)လုံး ဖြန့်ဖြူးခဲ့ပြီး ဖြစ်ပါသည်။

(၆)  သစ်တောပြုစုထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ မြေဆီလွှာထိန်းသိမ်း ရေး၊ ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လေထုညစ်ညမ်းမှု

တားဆီးကာကွယ်ရေး၊ စွန်ပစ်ပစ္စည်းများ စီမံဆောင်ရွက်ရေးဆိုင်ရာ ဟောပြောပွဲ (၉၀) ကြိမ်၊ သင်တန်း (၄၀) ကြိမ် ကျင်းပ ပြုလုပ်ပြီး

ဖြစ်ပါသည်။

လက်ရှိနိုင်ငံတကာအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများ

(က) ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း-စွမ်းဆောင်ရည်မြှင့်တင်ခြင်း နှင့် သင်တန်းပေးခြင်းစီမံကိန်း   

                      နော်ဝေ-မြန်မာ နှစ်နိုင်ငံ ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၅-၂၀၁၈)အရ “ရေသယံဇာတအရင်းမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း စွမ်းဆောင်ရည်မြှင့်တင် ခြင်းနှင့် သင်တန်းပေးခြင်းစီမံကိန်း”အား (၁၇.၁၂.၂၀၁၅) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရ အဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၁၅) အရ သဘောတူခွင့်ပြုချက်ဖြင့် သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ရေသုတေသနဌာန (NIVA) ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ စီမံကိန်း ခေါင်းစဉ်အောက်တွင် ဆောင်ရွက်သော စစ်တောင်းမြစ်ဝှမ်း ဒေသစီမံအုပ်ချုပ်မှု ရှေ့ပြေးစီမံကိန်း လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် နော်ဝေရေသုတေသန ပညာရှင်များသည် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ (၆)ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအား (၄-၂-၂၀၁၆) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခြင်း၊ စစ်တောင်းမြစ် ဝှမ်းဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ Reference Group အစည်းအဝေးတစ်ရပ်အား ပဲခူး၊ ဝေါ၊ ကဝနှင့် သနပ်ပင်မြို့များမှ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု အဖွဲ့များနှင့် အတူ (၅-၂-၂၀၁၆) ရက်နေ့တွင် ကျင်းပခြင်း၊ (၂၄-၂-၂၁၀၆) ရက်နေ့မှ (၄-၃-၂၀၁၆) ရက်နေ့အထိ ပဲခူးမြစ်ကြောင်းတစ်လျှောက်တွင် ရေအရည် အသွေး စမ်းသပ်စစ်ဆေးခြင်းနှင့် Macrozoobenthos များ နမူနာကောက်ယူ ဆောင်ရွက်မည့် လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။

 

(ခ)        ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတည်ထောင်မှု အရှိန်မြင့်တင်ခြင်းစီမံကိန်း

                ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၏ သဘောတရားယူဆချက် များနှင့် နည်းဥပဒေများ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်ဆန်ချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက် မှုများကို ကောင်းစွာနားလည် သဘောပေါက်လာစေရန် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်အတွင်း RECOFEC နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်း(၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ CF ဖွံ့ဖြိုးမှု အားနည်းသောဒေသများတွင်လည်း အခြား CF ဖွံ့ဖြိုးမှုအားကောင်း သောဒေသများနှင့် မတူသော စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုဆိုင်ရာလိုအပ်ချက်များကို သိရှိစေရန် ဆန်းစစ်လေ့လာခြင်းကို ပေါက်ခေါင်း မြို့နယ်အတွင်း ဆောင်ရွက်ခဲ့ပါသည်။ RECOFEC – The Center for People and Forests မှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း တည်ထောင်မှု အရှိန်မြှင့်တင်ခြင်း စီမံကိန်းအား သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်အတွင်း (၃)နှစ် စီမံကိန်း (၂၀၁၅-၂၀၁၆) ခုနှစ်မှ (၂၀၁၇-၂၀၁၈) ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း

                ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း ပျောက်ကွယ်မှု မဖြစ်စေရန် အတွက် နိုင်ငံတော်က မူဝါဒများ၊ ဥပဒေများချမှတ် ပြဌာန်း၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်တွင် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သဘာဝနယ်မြေများ ဖွဲ့စည်းတည်ထောင်၍ စနစ်တကျ ထိန်းသိမ်း ကာကွယ်လျက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းတွင်လည်း သဘာဝထိန်းသိမ်းရေးနယ်မြေ (၂) ခု ဖွဲ့စည်းတည်ထောင်၍ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။

 

        (က) မိုးယွန်းကြီးအင်းဘေးမဲ့တော

                        ၁၈၇၈ ခုနှစ်တွင် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း နွေရာသီသစ်ဖောင်များ၊ မျှောရန်အတွက် မိုးယွန်ကြီးရေလှောင်တမံအဖြစ် တည်ဆောက်ခဲ့ပြီး၊ နှစ်ကာလကြမြင့်သော အခါသဘာဝအင်းအဖြစ် ပြောင်းလဲတည်ရှိခဲ့ရာ ၁၉၈၈ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ တွင် “မိုးယွန်း ကြီးအင်းဘေးမဲ့တော”အဖြစ် သတ်မှတ်ကြေငြာခဲ့ပါသည်။ ဧရိယာအကျယ်အဝန်းမှာ (၄၀) စတုရန်း၊ မိုင်(၂၅၆၀၀)ဧကရှိပါသည်။ နိုင်ငံတကာ ရေတိမ်ဒေသထိန်းသိမ်းရေး အဖွဲ့အစည်း ဖြစ်သည့် Ramsar Convention အဖွဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်၊ မတ်လမှစတင်၍ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ပြီးနောက်  မိုးယွန်းကြီးအင်းဘေးမဲ့တောသည်   မြန်မာနိုင်ငံဆိုင်ရာ  ကမ္ဘာ့အရေးကြီးထိန်းသိမ်းရမည့် ရေတိမ်ဒေသ(Ramsar Site)အဖြစ် ပထမဦးဆုံးအသိအမှတ် ပြုထားသော နေရာတစ်ခုဖြစ်ပါသည်။ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ် အတွင်း တည်ရှိပါသည်။

 

        (ခ) မြောက်ဇာရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်များ အတွင်းရှိ ဧရိယာအကျယ်အဝန်း (၃၇၉.၅၉)၊ စတုရန်းမိုင် (၂၄၂၉၃၈.၄၈) ဧကအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၏ (၂၂.၃.၂၀၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၄၃/၂၀၁၄အရ “သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်အလို့ငှာ မြောက်ဇာမရီ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ကြေငြာခဲ့သော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဖြစ်ပါသည်။

ပုဂ္ဂလိက စိုက်ခင်းများတည်ထောင်ထားရှိခြင်း

သစ်တောဦးစီးဌာနအနေဖြင့် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ အတွင်း တောနိမ့်တောပျက်ဧရိယာများအား ပြန်လည်ထူထောင်နိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်မှ နှစ်စဉ်အခွန်အခများ တိုးတက်ရရှိရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်း များရရှိရေးအတွက် ၂၀၀၆-၂၀၀၇ ခုနှစ်မှစ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ထုံးလုပ် နည်းနှင့် အညီ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များချမှတ်ကာ ပုဂ္ဂလိကစိုက်ခင်းများ တည်ထောင်ခွင့် ပြုခဲ့ရာ ယနေ့အချိန်ထိ ပုဂ္ဂလိကသစ်တောစိုက်ခင်း (၁၃၄၇၇၈.၈၅)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ် ပါသည်။

ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

                ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု တတိယ( ၁၀)နှစ် စီမံကိန်းအပေါ် အခြေခံ၍ action plan များ ရေးဆွဲကာ နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ အထူးလုပ်ငန်းများဖြစ်သော ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ တတိယ (၅)နှစ် စီမံကိန်းအား လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် တည်ထောင်ရန်လျာထားသော ကြိုးဝိုင်းကျူးကျော် CF (၁၄၅၅၃.၂၅) ဧကအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများအား လည်းကောင်း၊ လျာထားချက်/စီမံချက်များအတိုင်း အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်သည့်အပြင် တရားမဝင်သစ်ဖမ်းဆီးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ပိုမိုအားထည့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သစ်တောကဏ္ဍစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ စီမံကိန်း (နှစ် ၂၀ စီမံကိန်း) ကိုအခြေခံ ၍ (၅)နှစ် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ ပထမ (၅)နှစ် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခု ဆက်လက်၍ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ ဒုတိယ (၅)နှစ် စီမံကိန်းအား ရေးဆွဲခဲ့ပြီး နှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

အထွေထွေတင်ပြချက်

                        ပဲခူးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် သစ်တောများ ပျက်စီးပြုန်းတီးလျက်ရှိပါသည်။ သစ်တောများပြုန်းတီးစေသော၊ သစ်တောများ အရည်အသွေး ကျဆင်းစေသော အကြောင်းအရင်းများမှာ- သဘာဝသစ်တောများမှ သစ်များအလွန်အကျွံ ထုတ်ယူ သုံးစွဲခြင်း (ဌာနမှတရားဝင် ထုတ်ယူခြင်းနှင့် သစ်ခိုးသမားများမှ နည်းမျိုးစုံဖြင့် တရားမဝင် ထုတ်ယူခြင်း)၊ လူဦးရေတိုးပွားလာခြင်းနှင့် ပြည်သူများဆင်းရဲနွမ်းပါးခြင်း၊ အခြေခံ စားဝတ် နေရေး လိုအပ်ချက်အတွက် စိုက်ပျိုးမြေများ တိုးချဲ့ထွင်လာကြခြင်း၊ သစ်တောများအတွင်း ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်း၊ ထင်းနှင့်မီးသွေး လောင်စာ လိုအပ်ချက်အတွက် သဘာဝတောများမှ သစ်များထုတ်ယူခြင်း၊ သစ်တောနယ်မြေအတွင်း ရွှေ၊သတ္တုတူးဖော်ခြင်း၊ မြို့ပြတည်ဆောက်ခြင်း၊ ရပ်ကွက်ကျေးရွာ များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့်  သစ်တောမြေအတွင်း ကျူးကျော်အခြေချ ဝင်ရောက် နေထိုင်ကြခြင်း၊ သစ်တောနယ်မြေအတွင်း ဆည်/တမံများ အများအပြား တည်ဆောက်ခြင်း၊ သစ်တော နယ်မြေအတွင်း လမ်း/ တံတားစသည့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ လျှပ်စစ်ဓါတ် အားလိုင်းများ၊ ဂတ်စ်ပိုက် လိုင်းများ ဖြတ်သန်းတည်ဆောက်ခြင်းနှင့် အထူး စီးပွားရေးဇုန်များ တည်ထောင်ခြင်း၊ကျွဲ၊ နွားစားကျက်မြေများ အလွန်အကျွံတိုးချဲ့လာခြင်း၊ တောမီးလောင် ခြင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်ခြင်း၊ ဒီရေ တောများအတွင်း ငါးမွေးကန်၊ ပုဇွန်ကန်များ တည်ဆောက် ခြင်း၊ ကျယ်ဝန်းသော သစ်တောဧရိယာအား စီမံ အုပ်ချုပ်မည့် ဝန်ထမ်းအင်အား မလုံလောက်ခြင်း တို့ဖြစ်ပါသည်။ ဖော်ပြပါအကြောင်း အရင်းများအနက် ပဲခူးတိုင်းဒေသကြီးအတွင်း အဓိက ရင်ဆိုင်ကြုံတွေ့ နေရသော အကြောင်းအရာမှာ တရားမဝင်သစ်များအား နည်းမျိုးစုံဖြင့် ခိုးထုတ် သယ်ယူနေကြခြင်းနှင့် ဝန်ထမ်းအင်အား မလုံလောက်ခြင်းတို့ပင်ဖြစ်ပါသည်။

                ပဲခူးတိုင်းဒေသကြီးတွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော နှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ စုစုပေါင်း သစ်တောမြေဧရိယာ (၃၉၇၁၇၈၇.၄၈)ဧက တည်ရှိပြီး ဝန်ထမ်းအင်အား အနေဖြင့် ရုံးဝန်ထမ်း (၁၈၁)ဦး အပါအဝင် စုစုပေါင်း (၇၇၇)ယောက်ဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။        ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ခိုးထုတ် သယ်ယူမှုများ အပေါ် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှဦးဆောင်၍ တရားမဝင်သစ်ခိုးယူထုတ်လုပ်မှု ပပျောက်ရေးအတွက် တရားမဝင်သစ်ဖမ်းဆီးရေး စီမံချက်များရေးဆွဲကာ တိုင်းဒေသကြီး အစီအစဉ် ဖြင့် လည်းကောင်း၊ ခရိုင်/မြို့နယ်အစီအစဉ်ဖြင့်လည်းကောင်း ဖမ်းဆီးရေးအဖွဲ့များ ဖွဲ့စည်းကာ စစ်ကြောင်းအသွင်ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး၊ တရားမဝင်သစ်ဖမ်းဆီးရေးကို အထူးတာဝန် တစ်ရပ်အနေဖြင့် စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ တရားမဝင်သစ်ဖမ်းဆီးသော ဝန်ထမ်းများအား သစ်ခိုးသမားများမှ အုပ်စု ဖွဲ့ကာ ရန်ပြုတိုက်ခိုက်ခြင်းများ မကြာခဏကြုံတွေ့ရလေ့ရှိပြီး၊ တစ်ချို့သောဝန်ထမ်းများမှာ အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ရပါသည်။ အချို့မြို့နယ်များတွင် ဖမ်းဆီးရမိသစ်များအား လူအုပ်စုဖွဲ့ကာ ပြန်လည် လုယက်မှု များလည်း ကြုံတွေ့ရပါသည်။

တိုင်းအတွင်း ဝန်ထမ်းအင်အား မလုံလောက်သည့်ကြားကပင် တရားမဝင်သစ် ဖမ်းဆီးရေးအတွက် ဝန်ထမ်းအင်အား အများအပြားသုံးကာ အထူး အားထည့်ဆောင်ရွက်နေသည့်အတွက် ပုံမှန်ဆောင်ရွက်နေသည့် သစ်တောလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် များစွာ အခက်အခဲရှိပါသည်။

သစ်တောဝန်ထမ်းများမှာ ဝန်နှင့်အား မမျှသည့်အတွက်ကြောင့် ဝန်ပိနေသော ဝန်ထမ်း များမှာ စွမ်းဆောင်ရည်များ ကျဆင်းလျှက်ရှိကာ အချို့သောလုပ်ငန်းများမှာလည်း အောင်မြင်သင့် သလောက် အောင်မြင်မှုမရရှိကြောင်း တွေ့ရှိရပါသည်။ သစ်တောများပြုန်းတီးမှု လျော့ကျစေရန် အထောက် အပံ့ဖြစ်စေသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော(CF)များ တည်ထောင်ရာတွင် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီး ပါသည်။ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ဝန်ထမ်းများအနေဖြင့် CF  တည်ထောင်ခြင်း၏ အကျိုးအမြတ်များ၊ အနှစ်သာရများအား ပြည်သူများသဘောပေါက် နားလည်လက်ခံလာစေရန် တိုးချဲ့ပညာပေးနိုင် ရမည်ဖြစ်ပြီး၊ ဝန်ထမ်းများကိုယ်တိုင်လည်း CF တည်ထောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ၊ ဒေသခံပြည်သူများ နားလည်သဘောပေါက်လာအောင် ကျွမ်းကျင်စွာပြောဆို လုပ်ကိုင်နိုင်သော စွမ်းဆောင်ရည်ရှိသူဖြစ်ရန် အလွန် အရေးကြီးပါသည်။ သို့ဖြစ်ပါ၍ CF အပါအဝင် အခြားသော သစ်တောလုပ်ငန်းများ အချိန်မီ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် အလို့ငှာ စွမ်းဆောင်ရည်ရှိသော သစ်တောဝန်ထမ်းများ အလုံအလောက် ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိပါသည်။

ဖော်ပြပါ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာ၊ အခက်အခဲများအား ပြေလည်စေရေး အတွက် ဝန်ထမ်းအင်အားအလုံအလောက် ဖြည့်ဆည်း ပေးခြင်း၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မား ရေးအတွက် လိုအပ်သောသင်တန်းများ ဆောင်ရွက်ပေးခြင်း၊ တရားမဝင်သစ်ဖမ်းဆီးရာတွင် အသုံးပြုရန်ယာဉ်၊ စက်သုံးဆီများ ဖြည့်ဆည်းပေးခြင်း၊ တောတွင်းရက်ရှည် စစ်ကြောင်းထိုးရာတွင် တာဝန်ကျ ဝန်ထမ်းများအတွက်စားစရိတ်၊ ခရီးစရိတ်၊ ဆေးကုသစရိတ် များထောက်ပံ့ပေးခြင်း၊ ဖမ်းဆီးရမိသစ် များ သယ်ယူခအားအပြည့်အဝပံ့ပိုးပေးခြင်း၊ လုံခြုံရေး ကန့်သတ်ချက်ရှိသော ရန်ပြုတိုက်ခိုက်ခံရနိုင်သည့် နယ်မြေ များတွင် တရားမဝင်သစ်ဖမ်းဆီးရာ၌ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ပံ့ပိုးမှု ပေးခြင်းစသည့် ကူညီထောက်ပံ့မှုများဖြင့် တရားမဝင်သစ် ခိုးထုတ် သယ်ယူမှုများအား လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။