Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မတ်လ ၁၆

==================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မတ်လ(၁၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အလှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ၂၀၂၁ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့၊ ၁၃၈၂ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်မည့် အခမ်းအနားဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ ပြည့်စုံအောင် ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ကြွရောက်လာကြမည့် ဆရာတော်များနှင့် သီလရှင်များအတွက် ခေတ္တသီတင်းသုံးမည့် နေရာများ သန့်ရှင်းသပ်ရပ် စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အခမ်းအနား အား COVID -19 စည်းကမ်းချက်နှင့်အညီ ကျင်းပဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ သံဃာတော်များ ကြိုဆိုပင့်ဆောင်ရေးဆပ်ကောင်မတီ၊ ဖိတ်ကြားရေး၊ ဆွမ်းဆက်ကပ်ရေး၊ ဧည့်ခံရေးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီနှင့် တည်းခိုနေထိုင်ရေး ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက လုပ်ငန်းကြိုတင်စီစဉ် ဆောင်ရွက်နေမှု အခြေအနေများအားတင်ပြခဲ့မှုအပေါ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ကောင်စီဝင်(၄)မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။