Home / ကဝမြို့နယ် / လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်

ဧပြီ ၁၈ (ပဲခူး)
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဌေးအောင်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ဧပြီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်း မြို့နယ်နှင့် ပေါင်းတည်မြို့နယ်များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌   ဧပြီလ (၁၆)ရက်နေ့ လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်သည် မျှော်မှန်း၍မရသော်လည်း ထိခိုက်ခံရမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံထား၍ ရရှိပါကြောင်း၊ နှစ်စဉ် ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်ရာ နေရာဒေသများတွင် မိုးလေဒဏ်ခံနိုင်သည့် Cyclone Shelter  များ တည်ဆောက်ပေးခြင်း အားဖြင့် ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများအား ကြိုတင်ကာကွယ်နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်သည့် ဒေသများတွင် နှစ်စဉ် ရရှိသည့် ဘတ်ဂျတ်များအပေါ် Cyclone Shelter တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ များအနေဖြင့်လည်း အစိုးရနှင့်အတူ လက်တွဲပြီး လူမှုကူညီရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်က ဧပြီလ (၁၆)ရက်နေ့တွင် ပေါင်းတည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ်များနှင့် သေဆုံးသူတစ်ဦး အတွက် ထောက်ပံ့ငွေ (၃၂၇,၈၆,၁၄၄-) (ကျပ် သုံးရာနှစ်ဆယ့်ခုနှစ်သိန်း ရှစ်သောင်းခြောက်ထောင် တစ်ရာလေးဆယ့်လေးတိတိ)နှင့် ထောက်ပံ့ရေးပစ္စည်း(၁၉)မျိုး တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် ဧပြီလ (၁၂)ရက်နေ့တွင် ကဝမြို့နယ်၊ အဒူးကျေးရွာ၌ နေအိမ်(၁)လုံး၊ ဧပြီလ (၁၆)ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်တွင် နေအိမ်(၇)လုံး၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်း ကျေးရွာအုပ်စု၊ မဲခေါင်းကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၁၄)ရွာ၌ နေအိမ်(၅၃၇)လုံးနှင့် သေဆုံးသူ (၁)ဦး၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၁၀)ရွာ၌ နေအိမ် (၁၅၆)လုံးနှင့် အမက(၁)ကျောင်း၊ ဘုန်းတော်ကြီး(၅)ကျောင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေကျေးရွာ၌ နေအိမ်(၁)လုံး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းအုပ်စု၊ ဇလုပ်ကြီးအုပ်စုတို့ရှိ ကျေးရွာ(၄)ရွာ၌ နေအိမ်(၁၀)လုံးနှင့် ပြည်မြို့နယ်၊ သူဌေးကုန်းကျေးရွာအုပ်စု၊ လှည်းသေရွာ၌ နေအိမ်(၁)လုံးတို့ အမိုးလန်ခြင်း၊ ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှ (၁၇)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၏ ထောက်ပံ့မှုအနေဖြင့် ပြိုလဲ ပျက်စီးနေအိမ်(၃၇)လုံး၊ အမိုးလန်နေအိမ်(၆၇၆)၊ စုစုပေါင်းနေအိမ်(၇၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်း(‎၃၈၈၈၆၆၀၀)ကျပ်၊ လူဦးရေ (၂၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၂၈၁၄၀၀)ကျပ်၊ ပြိုလဲပျက်စီးနေအိမ် (၃၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး တန်ဖိုး(‎၁၃၅၉၁၂၄)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)နှင့် ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ‎(၄၁၀၂၇၁၂၄)ကျပ် ဖြစ်ကြောင်း သတင်းရရှိသည်