Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင် (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်

မေ ၅ (ပဲခူး)
===============================

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ခေတ်အဆက်ဆက်က မီးသတ်သမားကြီးရဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ စိတ်ဓါတ်စသည့် နှိုင်းဆမရနိုင်သော တန်ဖိုးများကို လက်ရှိတပ်ဖွဲ့ဝင်တွေက လေးစားမြတ်နိုးခြင်းနှင့်အတူ သူတို့ကိုပြန်လည်အမှတ်ရ ဂုဏ်ပြုလိုသည့်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်မှုသည် အဖွဲ့ဝင်များ၏ စိတ်ဓါတ်ခိုင်မာမှု၊ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုနှင့်အတူ ဆောင်ရွက်သမျှ ဖြစ်ရမည်ဆိုသည့် ယုံကြည်မှုအပေါ် အခြေခံကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များသည် ဘေးအန္တရာယ် ဖြစ်ပွားတဲ့ဇုန်အတွင်းကို ချဉ်းနင်းဝင်ရောက် ဆောင်ရွက်ရတာဖြစ်သည့်အတွက် ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များကြောင်း၊ အထူးသဖြင့် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးဆိုးများ ကျရောက်သည့်အခါ ပိုမိုခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များသလို ပျက်စီးဆုံးရှုံး ထိခိုက်မှုလည်း ကြီးမားကျယ်ပြန့်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များကို မျက်ခြေမပြတ်စေဘဲ အမိအရဆုပ်ကိုင်ပြီး ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်မှာ ရှင်သန်အောင်ကြိုးပမ်းကြရန် ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲ တပ်သား၊ တပ်ကြပ်၊ အရာရှိအဆင့် ပထမဆုရရှိသူများနှင့် စံပြမီးသတ်စခန်း ဆုရရှိသည့် ရွှေတောင်မြို့နယ် မီးသတ်စခန်းတို့အားလည်းကောင်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က သင်တန်းများတွင် စံပြပထမဆုရရှိသူများနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ (Brave Heart)ဆုရရှိသူ မီးသတ်ဒုတပ်ကြပ် ဝေယံကိုကိုတို့အားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက တိုင်းဒေသကြီးအဆင့် လက်နက်မဲ့စစ်ရေးပြပြိုင်ပွဲ၊ မီးသတ်စက်ကြီးပြိုင်ပွဲ၊ မီးသတ်စက်ကလေးပြိုင်ပွဲတို့တွင် ပထမဆုရရှိသည့် ခရိုင်တို့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်စွမ်းရည်၊ ကြိုးကူး၊ ကြိုးတက်၊ ကြိုးဆင်းသရုပ်ပြခြင်း၊ (Gas)အိုးဖြင့် မီးငြိမ်းသတ်မှုသရုပ်ပြခြင်း၊ အပူကာဝတ်စုံဝတ်ဆင်ပြီး မီးထဲဖြတ်လျှောက်ခြင်းနှင့် ဆီမီးလောင်မှုကို H.N.E (Water Mist) ကိရိယာဖြင့် မီးငြိမ်းသတ်ခြင်း၊ ရေတွင်းအသက်ကယ်နည်းစနစ် သရုပ်ပြခြင်း၊ ဆီဘောက်ဆာကား မီးလောင်မှုအား အမြှုပ်ဆေးရည်ဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် ဆေးရောင်စုံရေပက်ဖြန်း သရုပ်ပြခြင်းများ ပြသကြသည်။
ပဲခူးတိုင်းဒေသကြီးတွင် မီးလောင်မှု အခြေအနေများအနေဖြင့် ၂၀၁၇ခုနှစ်တွင် မီးဖိုမီး(၂၇)ကြိမ်၊ ပေါ့ဆမီး(၅၀)ကြိမ်၊ အလိုအလျောက်မီး(၂)ကြိမ်၊ လျှပ်စစ်မီး(၃၁)ကြိမ်၊ မသမာသူရှို့မီး(၁၄)ကြိမ်၊ တောမီး(၃)ကြိမ်၊ စုစုပေါင်း(၁၂၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရုံးမှုအနေဖြင့် အိမ်ခြေအဆောက်အဦ(၃၀၅)လုံး၊ သေဆုံးသူ(၄)ဦး၊ ဒဏ်ရာရသူ(၃)ဦး၊ မီးဘေးဒုက္ခသည်(၁၃၆)ဦး၊ တန်ဖိုးငွေ(၁၂၃၄၉၇၂၀၀)ကျပ် ဆုံးရုံးခဲ့သည်။ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ မီးလောင်မှု(၆၀)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှုးများနှင့် တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။