Home / ညောင်လေးပင်မြို့နယ် / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကျင်ပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကျင်ပ

ဇူလိုင် ၂၆ (ရွှေကျင်)
===========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ(၂၆)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ရွှေကျင်မြို့၊ ရွှေတောင်ဦးစေတီကုန်းတော်၊ ငါးထပ်ကြီးဘုရားတန်ဆောင်း ကယ်ဆယ်ရေးစခန်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အားပေးစကားပြောကြားကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှုး ဦးသိန်းဌေးအောင်က ဘေးအန္တရာယ်ဖြစ်ပွားမှုအခြေအနေနှင့် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ(၂၉၇၃)ဦးအတွက် ဆန်ဖိုးရိက္ခာထောက်ပံ့ငွေကျပ်(၆၂၄၃၃၀၀) ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှုးကြီး လှမျိုးရွှေက အစိုးရအဖွဲ့မှ ထောက်ပံ့လှူ ဒါန်းသောငွေ(၁၀)သိန်းကျပ်ကိုလည်းကောင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက တောင်ဘက်ကျေးရွာနှင့် ရှမ်းကြေးရပ်ကွက်လေဘေးကြောင့် လဲပြိုနေအိမ်တို့အတွက် ထောက်ပံ့ငွေနှင့် ဆန်ဖိုးရိက္ခာတို့ကိုလည်းကောင်း၊ လွှတ်တော်ကိုယ်စားများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်ပဲခူးခရိုင်အုပ်ချုပ်ရေးမှုးတို့က ကယ်ဆယ်ရေးပစ္စည်းများနှင့် ရေနစ်သေဆုံးသူအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ဒေသခံတစ်ဦးကျေးဇူးတင်စကားပြောကြားပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ရွှေကျင်မြို့ ရေကြီးနေမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
ရွှေကျင်မြစ်ရေသည် ယနေ့နံနက်(၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်(၇၀၀)စင်တီတာအထက်(၇၄)စင်တီမီတာကျော်လွန်နေပြီး ရွှေကျင်မြို့နယ်အတွင်း ရေကြီးနစ်မှုကြောင့် ရေဘေးသင့်ပြည်သူများ လတ်တလော အခက်အခဲမရှိစေရေးအတွက် ရွှေကျင်မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း (၂၁)စခန်းဖွင့်လှစ်ပေးထားပြီး အဆိုပါကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု(၆၀၄)စု၊ လူဦးရေ(၂၉၇၃)ဦး ရောက်ရှိပြီး နေထိုင်စားသောက်မှုအခက်အခဲမရှိစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူ ရှင်များက စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပေးကြသည့်အပြင် ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ယာယီဆေးကုသခန်းများထားရှိကုသပေးမှုများပြုလုပ်ကြသည်။
ရွှေကျင်မြို့ရေကြီးမှုကြောင့် ဇူလိုင်လ(၂၆)ရက်နေ့ နံက်ပိုင်းက ညောင်ဝိုင်းရပ်ကွက်နေ ဦးရဲထွန်း(၄၂)နှစ်သည်ရေနစ်သေဆုံးခဲ့ပြီးအခြား လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရပြီး အခြေခံပညာကျောင်းပေါင်း(၂၁)ကျောင်းကိုလည်း ပိတ်ထားကြောင်းသိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချူပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၊ တိုင်တရာကျောင်းကြီး ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူ (၁၃၂)ဦးအတွက် ဆန်ဖိုးရိက္ခာငွေ ကျပ်(၂၇၇၂၀၀)ကိုလည်းကောင်း၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့ ဦးထွန်းသန်းဓမ္မာရုံတွင်ယာယီထားရှိသော ရေဘေးသင့်ပြည်သူ(၁၃၄)ဦးအတွက် ဆန်ဖိုးရိက္ခာထောက်ပံ့ငွေများကိုလည်းကောင်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ယနေ့ထောက်ပံ့ပေးမှုသည် စုစုပေါင်းငွေကျပ် (၈၃၄၈၇၀၀)ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။