Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

သြဂုတ် ၆ (ပြည်)

=======================

          သြဂုတ်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက NFPE လုပ်ငန်းသည် အလွန်ထူးကဲမွန်မြတ်သည့် ပညာဒါနဖြစ်သည့်အတွက် မိမိတို့စွမ်းနိုင်သလောက် ပါဝင်ကူညီပေးခြင်းဖြင့် ပညာဒါနရယူကြရန်၊ ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်သည် လူငယ်များအတွက် စွမ်းရည်ထက်သော တီထွင်ဆန်းသစ်မှု တစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်ကာ လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ကလေးများ၏အကျိုး၊ ပြည်သူလူထုအကျိုး ဝိုင်းဝန်းဆောင်ရွက်ပေးရန်၊ ကလေးများအတွက် လမ်းသစ်ကိုဖောက်၊ နည်းစနစ်တည်ဆောက်ပြီး မွန်မြတ်သည့် လုပ်ငန်းများကို ဖော်ဆောင်ရာမှာ တွေ့ကြုံရသော အတွေ့ကြုံကောင်းများ၊ ရင်ဆိုင်ရသော အခက်အခဲများကို ပေါင်းစုဝိုင်းဝန်းဖြေရှင်းကြပြီး စေတနာ၊ မေတ္တာ၊ လုပ်အားတို့ကို ဆက်လက်ဖြည့်စွက် အားထည့်ပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၇-၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သော ကျောင်းသား/သူ(၂)ဦးအား ဝန်ကြီးချုပ်က ဆုချီးမြှင့်သည်။

      ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆရာကြီးဦးမြတ်ထွန်းက ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီး ဦးကျော်ဆင့်က ကျောင်းပြင်ပမူလတန်း ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

    ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး များအား မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဌ တာဝန်ပေးအပ်လွှာများ ပေးအပ်ပြီး တိုင်းဒေသကြီးအဆင့် ဆုရရှိသူ ကျောင်းသား/သူများအား ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

             ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းများအတွက် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူ ဒါန်းပြီး ကျောင်းပြင်ပမူလတန်းပညာရေး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်မြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး ဆရာ/မများက ကလေးများအတွက် To Day သီချင်းဖြင့်သီဆိုဖျော်ဖြေကြကြောင်း သတင်းရရှိသည်။

          ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်သည် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် (UNDP/UNESCO)တို့ ပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစတင်၍ NFPE လုပ်ငန်းစတင်ခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်းပြီး မြို့နယ်(၁၁)မြို့နယ်တွင် စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် NFPE လုပ်ငန်း (၁၀)နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။

          ၂၀၁၈-၁၉ပညာသင်နှစ်တွင် ကျောင်းပြင်ပပညာရေးလုပ်ငန်းအား တစ်နိုင်ငံလုံး အတိုင်းအတာအရ  ပညာရေးဝန်ကြီးဌာနက (၈၁)မြို့နယ်၊ ယူနက်စကို ထောက်ပံ့သောမြို့နယ် (၄)မြို့နယ်၊ အလှူရှင်မှ(၅)မြို့နယ် စုစုပေါင်း(၉၀)မြို့နယ် ဆောင်ရွက်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဒိုက်ဦး၊ ကျောက်တံခါး၊ တောင်ငူ၊ ရေတာရှည်၊ မင်းလှ၊ သာယာဝတီ၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ ပန်းတောင်း၊ ပြည်၊ သဲကုန်း၊ စသည့်မြို့နယ် (၁၁)မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          အခမ်းအနားသို့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊  လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူ ရှင်များ၊ ကျောင်းပြင်ပဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။