Home / ပဲခူးမြို့နယ် / ပြည်နှင့်ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲကျင်းပ

ပြည်နှင့်ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲကျင်းပ

သြဂုတ် ၆ (ပြည်)

==================

       သြဂုတ်လ(၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်မြို့၊ မူယာပင်ခန်းမတွင် ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက စွန့်လွတ်လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းသည် တောင်သူလယ်သမားများအတွက် စီးပွားရေး၊ လူမှုရေးများနှင့် တောင်သူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းကြောင့် ဖြစ်ကြောင်း၊ မြေယာကို ရောင်းကုန် တစ်ခုလို စျေးကွက်ဖန်တီနေခြင်းကို မလိုလားပဲ၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမျိုးကို လိုလားကြောင်း၊ တောင်သူလယ်သမားများအတွက် ပုံစံ(၃)မှ တစ်ဆင့် ပုံစံ(၇)ရရှိသည်အထိ ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးမည်ဖြစ်သလို၊ နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်၍ ပြန်ဆပ်ရန်အချိန်ကြရောက်လာပါက မှန်မှန်ကန်ကန် ပြန်လည် ပေးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေသည် စိုက်ပျိုးရေးအတွက်သာ အသုံးပြုရန်ဖြစ်ပြီး အခြားနေရာတွင် အသုံးမပြုကြရန် သတိချပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူ ဦးမင်းသိန်းက ပြန်လည်စွန့်လွှတ်မြေများအား ယာယီပုံစံ(၃) ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

         ထို့နောက် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာတွင် အမှတ်(၁၄)ခြေလျှင်တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံမြေ(၂၉.၇၅)ဧကနှင့် ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စုတွင် အမှတ်(၁) အထည်စက်ရုံမှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံမြေ (၁၁.၈၂)ဧကတို့အား မူလတောင်သူများထံသို့ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)လက်မှတ်များ ပေးအပ်ကြသည်။

          ယင်းနောင် ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု ယာယီပုံစံ(၃)လက်ခံရရှိသော တောင်သူများကိုယ်စား တောင်သူတစ်ဦးနှင့် ရွှေတောင်မြိုနယ် နွမယံကျေးရွာအုပ်စု မှယာယီပုံစံ(၃) လက်ခံရရှိသော တောင်သူများကိုယ်စား တောင်သူ ဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

             အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်/မြို့နယ်ဦးစီးမှုးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။