Home / ရွှေကျင်မြို့နယ် / ရွှေကျင်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ်ပျက်စီးသွားသော တောင်သူများအား မျိုးစပါးပေးအပ်ပွဲကျင်းပပြုလုပ်

ရွှေကျင်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ်ပျက်စီးသွားသော တောင်သူများအား မျိုးစပါးပေးအပ်ပွဲကျင်းပပြုလုပ်

သြဂုတ် ၁၃ (ပဲခူး)
=============================

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ် ပျက်စီးသွားသော တောင်သူများအား ရက်(၉၀) မျိုးစပါးပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး၊ ဆန်စပါးထွက်ကုန်သည် တိုင်းဒေသကြီး DGP တိုးတက်မှုတွင် အလွန် အရေးပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ လူဦးရေ(၇၀%)သည် တောင်သူလယ်သမား များဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများကို မိမိတို့အစိုးရအဖွဲ့မှ အထူးဦးစားပေးလုပ်ငန်း တစ်ခုအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို ယခုပံ့ပိုးပေးသည့် မျိုးစပါးများကို တောင်သူများအနေဖြင့် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ “လယ်ယာမြင့်မှ စီးပွားလည်းမြင့်မယ်လေ” ဆောင်ပုဒ်အတိုင်း လယ်ယာကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အစိုးရပိုင်းမှ ကြိုးစားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ခေတ်စနစ်နှင့်အညီ အဆင့်မြင့် စိုက်ပျိုးနည်းစနစ်များအား အသုံးပြု၍ အထွက်တိုးသီးနှံများ ရရှိစေရေး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ဖြန့်ဝေဆောင်ရွက်လျက်ရှိသလို တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခင်မိရိုးဖလာ စိုက်ပျိုးရေးနည်းလမ်းများဖြင့် စိုက်ပျိုးနေပါက နောက်ကျ ကျန်ခဲ့မည်ဖြစ်၍ “အခြေခံစိုက်ပျိုးနည်းစနစ်များ ပြောင်းလဲရန်” အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း သတိချပ်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူများသို့ ထောက်ပံ့ပေးအပ်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ရွှေကျင်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြှုပ်ကျောင်းသား/သူများအတွက် အလှူ ငွေကျပ်သိန်း(၅၀)နှင့် ဗလာစာအုပ်ဒါဇင် (၆၀၀)အားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က တောင်သူများကိုယ်စား မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့်အတွင်းရေးမှုးသို့ မျိုးစပါး(၆၃၀)တင်းနှင့် ရေဘေးသင့်ပြည်သူများသို့ Family Kitပစ္စည်းများအားလည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမျိုးသိန်းက Unicef မှထောက်ပံ့သော ရေသန့်စင်ဆေးမှုန့်များနှင့် Hygenic Kit Boxများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ရွှေကျင်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးဧက(၂၅၅၀၀)ဧကနစ်မြှုပ်ပြီး ယနေ့အထိ(၂၄၅၉၆)ဧက ရေပြန်ပေါ်ကာ (၁၄၂၁၆)ဧကထိခိုက်၍ (၄၀၁၇)ဧက ပျက်စီးသွားကြောင်း သိရသည်။ ကယ်ဆယ်ရေးစခန်းများအနေဖြင့် ယနေ့အထိ ဖွင့်လှစ်ထားရှိသည့် စခန်း(၂)ခုကျန်ရှိနေပြီး အိမ်ထောင်စု(၁၇၂)စု၊ လူဦးရေ(၉၅၆)ဦး ရှိကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။